မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ပုန်ထွန်းရပ်ကွက်အတွင်း၌ လမ်းလျှောက်လာနေသည့် အမျိုးသမီးတစ်ဦးကို အမည်မသိ စုံတွဲ တစ်တွဲက တို့ဆေးအသုံးပြုပြီး ထိုင်းဘတ်ငွေ (၆၀,၀၀၀) တောင်းယူသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့၏ နေ့လည်(၁၂)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်မရောက်မီ ကုန်းအဆင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တို့ဆေးဖြင့် တို့ခံရသည့် အမျိုးသမီးသည် တိုးဆေးကြောင့် ရူးကြောင်ကြောင်ဖြစ်သွားကြောင်းနှင့် ပုံမှန်အတိုင်း စိတ်ပြန်လည်လာရန် သံပုသီးရှူခိုင်းရသလို ပုခုံးကျောနှိပ်ပေးပြီးနောက် ပုံမှန်အတိုင်း သတိပြန်ရလာကြောင်းနှင့် တို့ဆေးတို့သူတို့ကို ၎င်းက မှတ်မိသည်ဟု ဆိုသည်။
"သူကတော့ မှတ်မိတယ်ပြောတယ်။ လူတွေ့မှ ဆိုတော့ မလွယ်ဘူးဗျ။ ကျွန်တော်သိလိုက်တဲ့အချိန်မှာ အဲ့လူလိမ်တွေကို မတွေ့လိုက်ရဘူး။ သူတို့က တို့ပြီး ကြောင်တောင်တောင် ဖြစ်တဲ့အချိန် နင့်မှာ ပိုက်ဆံဘယ်လောက်ပါလဲ ပါတာပေးဆိုပြီး ယူပြီးထွက်ပြေးသွားတာ ဆိုင်ကယ်နဲ့ပဲတဲ့"ဟု အနီးဝန်းကျင်မှ ကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အဆိုပါ အမျိုးသမီးအား တို့ဆေးဖြင့် တို့သူ နှစ်ဦးမှာ အမျိုးသားနှင့်အမျိုးသမီး စုံတွဲဖြစ်ကြောင်းနှင့် ဆိုင်ကယ်ဖြင့် လာသူများဖြစ်ကြောင်း သိရသည်။
"တာချီလိတ်က အရင်လို မဟုတ်တော့ဘူး ဒေသခံလို မဟုတ်တဲ့ လူတွေ ကိုယ့်အနီးအနားမှာ ကပ်လာပြီဆိုရင် အကပ်မခံတော့ဖို့လိုတယ်။ အတော်လေး သတိထားမှ ဘေးကင်းမှာ"ဟု ဒေသခံ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ယခုကာလသည် ရေကြီးရေလျှံမှုဖြစ်ပွားသည့် ကာလဖြစ်ပြီး ယခုကာလအတွင်း၌ ရေဘေးသင့်နေသည့် နေအိမ်အတွင်း ဝင်ရောက်ခိုးယူသည့် ဖြစ်စဉ်လည်း မကြာခဏဖြစ်နေကြောင်း သိရသည်။