တာချီလိတ်မြို့တွင် အဆိုးဝါး ရေလွှမ်းမိုးမှုကြောင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားသည့် ကာလအတွင်း မီးစက်များကို ဈေးကြီးပေး ဝယ်နေရ 

တာချီလိတ်မြို့တွင် အဆိုးဝါး ရေလွှမ်းမိုးမှုကြောင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားသည့် ကာလအတွင်း မီးစက်များကို ဈေးကြီးပေး ဝယ်နေရ 
စက်တင်ဘာ 14, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အဆိုးဝါးဆုံး ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားနေချိန်တွင် နေအိမ်အတွင်း ရေစုပ်ထုတ်ရန်နှင့် လျှပ်စစ်မီးအသုံးပြုရန်အတွက် မီးစက်ဝယ်ယူနေရသည်များရှိရာ မီးစက်များ ဈေးနှုန်းမြှင့်တင်ကာ ရောင်းချသော်လည်း အလုအယက် ဝယ်ယူနေကြရသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

"မီးမလာလို့ အကုန်အခက်အခဲ ဖြစ်နေတော့ မီးစက်သွားဝယ်တာ အကုန်ရောင်းထွက်ကုန်ပြီ။ မနေ့ တနေ့ထဲတင် အလုံးရေ (၁၀၀)လောက် ရောင်းထွက်သွားတယ်လို့ သိရတယ်။ ကျန်တဲ့ ဟာတွေကလည်း ရေလေးပဲ တင်လို့ရတာကိုတောင် ဘတ်(၃၀,၀၀၀)တဲ့။ ပိုက်ဆံရှိတောင် မီးစက်ဝယ်ရခက်တဲ့ အခြေအနေ ဖြစ်နေတယ်။ တချို့ မီးစက်မဝယ်နိုင်တဲ့သူတွေကတော့  မီးစက်နိုးတဲ့ အိမ်မှာ ဖုန်းအားသွားသွင်းနေရတယ်။" ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်း နေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ပေါ် မယ်ဆိုင်ချောင်းနှင့် နီးသည့် ရပ်ကွက်များနှင့် ရေလွှမ်းမိုးမှု များပြားသည့် ရပ်ကွက်များတွင် လျှပ်စစ်မီးဘေးကင်းရေးအတွက် မြို့မီးလင်းရေက မီးဖြတ်ထားချိန်တွင် မီးစက်ဖြင့် ရေလိုက်မောင်းပေးသူများအတွက် အလုပ်ဖြစ်နေသည်ဟုလည်း သိရသည်။

"မီးက မလာသေးတော့ အိမ်သုံးရေအတွက် ရေအခက်အခဲဖြစ်နေတော့ တတ်နိုင်သူတွေကတော့ မြို့ထဲ မီးစက်ပတ်ရှာ ဝယ်ကြတယ်။ ရေတင်ဖို့အတွက် မီးစက် လိုက်မောင်းပေးတဲ့သူတွေလည်းရှိတယ်။ တစ်နာရီကို ဘတ်(၄၀၀)တဲ့ ဒါတောင် ဆီလည်းကို့ဘက်က ထည့်ပေးရတာ။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြို့မီးလင်းရေးအနေဖြင့် ရေလွှမ်းမိုးမှုမရှိသလောက်ဖြစ်သည့် ရပ်ကွက်များကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ ညပိုင်းကတည်းက မီးပြန်လွှတ်ပေးနေပြီး ကျန်သည့် ရပ်ကွက် နှင့် ကျေးရွာများကိုလည်း လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရန်အတွက် အပိုင်းလိုင်းခွဲပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ(၁၃)ရက်နေ့က အသိပေးထားရှိသည်။

"တာချီလိတ်ကတော့ အရင်နဲ့လုံးဝ မတူတော့သလို လူစိမ်းတွေလည်းများလာတယ်။ ခေတ်ပျက်သူဌေးလုပ်ချင်သူတွေများလာတယ်။ အခုလိုလေး ခဏလေးဖြစ်လိုက်တာနဲ့ ကုန်ဈေးနှုန်းက ထိုးတက်တော့တာပဲ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

 တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးများကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့၏ မွန်းလွဲပိုင်းချိန်ကနေ စပြီး ဖြတ်တောက်ချိန်မှစပြီး နောက်ပိုင်းတွင် တာချီလိတ်တစ်မြို့လုံး ဒေသအချင်းချင်းအပြင် အဝေးရောက်မိသားစုများနှင့်ပါ အဆက်အသွယ်ပြတ်တောက်သွားသည်အထိ ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်သွားခဲ့ရသည်။