တာချီလိတ် - မယ်ဆိုင်အကြား အမှတ်(၁) တံတားပေါ်အထိ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် လာရောက်

တာချီလိတ် - မယ်ဆိုင်အကြား အမှတ်(၁) တံတားပေါ်အထိ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် လာရောက်
စက်တင်ဘာ 14, 2024 | နိုင်ငံတကာသတင်း

 တာချီလိတ် နှင့် မယ်ဆိုင်အကြား အဆိုးရွားဆုံး ရေဖုံးလွှမ်းမှုများ၏ အခြေအနေများနှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝတ် ကိုယ်တိုင် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား အလယ်အထိ လာရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝတ် နှင့် အဖွဲ့သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး တာချီလိတ် - မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအလယ်ထိရောက်ရှိလာကာ မယ်ဆိုင်ချောင်းရေအခြေအနေ နှင့် တံတားပေါ် ရေဖုံးလွှမ်းခဲ့မှု အခြေအနေများကို ကြည့်ရှုခဲ့သည်။

ယင်းအပြင် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ နှစ်သိမ့်ပြီးနောက် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး အချိန်ကြာကြာ မဆွဲထားပဲ အမြန်ဆုံး အကူအညီများပေးနိုင်ရေးနှင့် လိုအပ်သည့် ငွေကြေးများကိုလည်း ဘတ်ဂျတ်အမြန်ဆုံး ချပေးနိုင်ရန်လည်း ညွှန်ကြားလိုက်ကြောင်းသိရသည်။

တာချီလိတ်မြို့၏ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရေလွှမ်းမိုးမှု ခံထားရ၍ စက်တင်ဘာလ(၁၃)ရက်နေ့ မတိုင်မီ စက်တင်ဘာလ(၁၂)ရက်နေ့က ထိုင်းတော်ဝင်တပ်မတော်က ရေတပ် နှင့် လေတပ်များကို စေလွှတ်ပြီး ဝေဟင်ကနေပါ ရဟတ်ယာဉ်ဖြင့် စားစရာများ ပေးဝေခြင်းနှင့် မြေပြင်တွင် ကယ်ဆယ်ခြင်းများပါ လုပ်ဆောင်နေပြီး စက်တင်ဘာလ(၁၃)ရက်နေ့ ညပိုင်းအထိ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

မယ်ဆိုင်မြို့၏ တဖက် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ရေဘေးသင့်ပြည်သူများကို အချိန် (၄၈)နာရီကျော်အကြာ ကယ်ဆယ်ရေးများ မလုပ်နိုင်ဘဲ အချိန်ဆွဲထားသလို ဖြစ်နေခဲ့ပြီး ထောင်နှင့်ချီရှိသည့် ရေဘေးသင့် ပြည်သူများသည် (၄၈)နာရီကျော်အထိ အကူအညီမဲ့ပြီး အစာရေဆာ ပြတ်လပ်သည်အထိ ကြုံတွေ့ခဲ့ကြရသည်။



Photo: Paetongtarn Shinawatra(FB),