တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မိုးသောက်ကြယ်လမ်းဘက် အတွင်းပိုင်းရှိ နေအိမ်အခန်းငှားတွင် လူ(၃၀)မှ (၄၀)အထိ ပိတ်မိနေပြီး အစာရေဆာ ပြတ်လပ်နေကာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
"ရေက လူတစ်ရပ်စာလောက်ရှိတယ် အစားအသောက် နဲ့ သောက်ရေလည်း ပြတ်နေပြီ မနေ့ကတည်းက ထွက်ဝယ်လို့မရဘူး။ ရေက အောက်မှာ မြုပ်နေလို့ အပေါ်တက်နေကြရတယ်။ အပြင်ထွက်လို့လည်း လုံးဝမရဘူး။"ဟု ရေဘေးသင့်ကာ ပိတ်မိနေသူ တစ်ဦးက Tachileik News Agency သို့ ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းတွင် ပြောသည်။
၎င်းတို့အား လာရောက် ကူညီနိုင်မည့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မိုးသောက်ကြယ်လမ်းဘက်ကနေ လည်းကောင်း၊ လားဟူဈေးဘက်ကနေ လည်းကောင်း လာရောက်နိုင်ကြောင်း သိရသည်။
"လာဟူဈေးဘက်ကနေ လာမယ်ဆိုရင် ဒီဘက်ကွေ့ပြီး တံခါးအပြာရောင်ရှိတဲ့ဘက်ပါ ရေကတော့ အတော်များတယ် အောက်မှာ တစ်ထပ်အထိ မြုပ်သွားပြီ။ မနေ့ညကတည်းကနေ မစားရ မသောက်ရသေးဘူး အကုန်ငတ်နေကြပြီ ဘယ်မှလည်း ထွက်ဝယ်လို့မရလို့ အစားအသောက်နဲ့ရေတွေ လိုအပ်နေပါတယ်၊"ဟု ၎င်းက ပြောသည်။
၎င်းတို့နည်းတူ မယ်ခေါင်ရပ်ကွက်အတွင်း ပိတ်မိနေသူ တော်တော်များများရှိနေပြီး အစားအသောက်နှင့် သောက်ရေများ လိုအပ်နေလျှက်ရှိကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် နေအိမ်ကနေ ထွက်လို့မရဘဲ ပိတ်မိနေသူ အများအပြားရှိနေသည်။
#TachileikNewsAgency