ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များ ခိုးထုတ်ခြင်း မပြုလုပ်ရန်နှင့် လုပ်ဆောင်ပါက အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF ထပ်မံ သတိပေး

ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များ ခိုးထုတ်ခြင်း မပြုလုပ်ရန်နှင့် လုပ်ဆောင်ပါက အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF ထပ်မံ သတိပေး
စက်တင်ဘာ 1, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခိုးထုတ်ခြင်း မပြုလုပ်ရန်နှင့် လုပ်ဆောင်ပါက အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။

ပဲခူးရိုးမအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဉ် သြဂုတ်လ (၃၀) ရက်နေ့ နံနက် (၉) နာရီခန့်တွင် ဂမုန်းကြိုးဝိုင်းအတွင်း ကျွန်းနုပင်များ ခုတ်ယူသယ်ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို တွေ့ရှိသဖြင့် ကျွန်းနုပင် (၆.၈) တန်အား သိမ်းဆည်းကာ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိပေး၍ ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် ပြန်လွှတ်ပေးလိုက်သူများသည် သြဂုတ်လ (၁၅) ရက်နေ့ကလည်း ဂမုန်းကြိုးဝိုင်း ၊ အကွက်အမှတ် (၅၆) နှင့် (၅၇) မှ ကျွန်းနုပင်(၁၅) ကုဗအား ခုတ်ယူခဲ့ကြ၍ သတိပေးကာ ပြန်လည်လွတ်ပေးခဲ့ကြသူများဖြစ်ပြီး သတိပေးချက်အား လိုက်နာခြင်း မရှိကြသူများဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အဖွဲ့က ဆိုသည်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုသည် စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများကိုလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များကို ခိုးထုတ်မှု လုံးဝ မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များကို ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို