အိမ်ဖောက်ထွင်း ခိုးယူမှုအတွင်း ကဗျာစာအုပ်တွေ့ပြီး ထိုင်ဖတ်နေခဲ့သည့် သူခိုးတစ်ဦး အဖမ်းခံလိုက်ရ

အိမ်ဖောက်ထွင်း ခိုးယူမှုအတွင်း ကဗျာစာအုပ်တွေ့ပြီး ထိုင်ဖတ်နေခဲ့သည့် သူခိုးတစ်ဦး အဖမ်းခံလိုက်ရ
သြဂုတ် 27, 2024 | နိုင်ငံတကာသတင်း
By Mr John

အီတလီနိုင်ငံ ရောမမြို့တွင် သူခိုးတစ်ဦးက နေအိမ်ဖောက်ထွင်း ခိုးယူမှုအတွင်း ဂရိ ကဗျာစာအုပ် တစ်အုပ်ကိုတွေ့၍ စိတ်ဝင်စားပြီး ထိုင်ဖတ်နေခဲ့ရာမှ အဖမ်းခံလိုက်ရသည့် ဖြစ်စဉ် ၂၀၂၄ခုနှစ် ဩဂုတ်လ၏ နောက်ဆုံးပတ်တွင်း ဖြစ်ပွားခဲ့သည်။ 

ထိုသူခိုးက ရောမမြို့  ပရာတီရှိ နေအိမ်အတွင်းသို့ ခိုးဝင်ရန် လသာဆောင်ကို တွယ်တက်ခဲ့ပြီးနောက် နေအိမ်အတွင်းသို့ ရောက်ရှိလာသောအခါ နေအိမ်အတွင်း ဟိုရှာ ဒီရှာ ပြုလုပ်ရင်း ရှေးခေတ် ဂရိကဗျာဆရာ Homer ၏ Iliad  အမည်ရှိ ကဗျာစာအုပ် တစ်အုပ်ကို တွေ့ပြီး  ပစ္စည်းခိုးရန် အာရုံပြောင်းသွားကာ ထိုစာအုပ်ကို ထိုင်ဖတ်နေခဲ့သည်။

အသက် (၇၁) နှစ်အရွယ် အိမ်ပိုင်ရှင် နိုးလာပြီးနောက် နေအိမ်အတွင်း စိတ်အေး လက်အေး စာအုပ်ထိုင်ဖတ်နေသည့် အသက် (၃၈) နှစ်အရွယ် သူခိုးကို တွေ့ရှိခြင်း ဖြစ်သည်ဟု သိရသည်။

နေအိမ်ပိုင်ရှင် သိသွား၍ သူခိုးက လသာဆောင်ကနေ ထွက်ပြေးရန် အသည်းအသန် ကြိုးစားသော်လည်း အိမ်နီးချင်းများက ၎င်းကို ဝိုင်းဖမ်းကြခြင်းကြောင့် အဖမ်းခံလိုက်ရကာ ရဲတပ်ဖွဲ့ထံ အပ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရဲအရာရှိများ၏ စစ်ဆေးမှုများအရ သူခိုး၏ အိတ်ထဲမှ တန်ဖိုးကြီး အဝတ်အထည်များကို တွေ့ရှိခဲ့သော်လည်း ထိုတန်ဖိုးကြီး အဝတ်အထည်များကို ယခုအိမ်က မဟုတ်ဘဲ အခြား အိမ်တစ်အိမ်ကနေ အစောပိုင်းက ခိုးယူလာခဲ့သည်ဟု ယူဆထားသည်။ 

 

Source: News9Live