ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်းများက နိုင်ငံရေးအကျဉ်းသူများကို အကြမ်းဖက်နေသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ 

ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်းများက နိုင်ငံရေးအကျဉ်းသူများကို အကြမ်းဖက်နေသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ 

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများကြောင့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေကို ရောက်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့များက ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့တွင် ပူးတွဲထုတ်ပြန်သည်။

ဒိုက်ဦးအကျဉ်းထောင်တွင် ၂၀၂၄ခုနှစ် ဩဂုတ်လ (၁)ရက်နေ့က နိုင်ငံရေးအကျဉ်းသူများ ရေချိုးနေ့သည့်အချိန်တွင် ရေချိုးသည့်နေရာသို့ အမျိုးသားထောင်ဝန်ထမ်းများ မကြာခဏအဝင်အထွက်ပြုလုပ်နေသဖြင့် အဆောင်မှူးထံတိုင်ကြားရာက စကားများပြီး နိုင်ငံရေးအကျဉ်းသူများအား လေးခွများဖြင့် ပစ်ခတ်ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသူ (၈)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ အခြားနိုင်ငံရေးအကျဉ်းသူများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိ ရသည်။ 

 

ဩဂုတ်လ (၂၀)ရက်နေ့ ညအချိန်တွင် အမျိုးသားထောင်ဝန်ထမ်းများပါဝင်သည့် ထောင်အာဏာပိုင်များသည် ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင်သို့ သေနတ်၊ ရာဘာတုတ်၊ ကျဉ်စက်၊ လေးခွတို့ဖြင့် ဝင်ရောက်သွားခဲ့သည်ဟုလည်း ထုတ်ပြန်ဖော်ပြထားသည်။ 

ထောင်အာဏာပိုင်များက အမျိုးသားဝန်ထမ်းများကို အသုံးပြုကာ နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်မှုပြုလုပ်သည့်အပြင် ယနေ့အထိ ညနက်အချိန်များ၌ လက်နက်အပြည့်အစုံဖြင့် အမျိုးသမီးဆောင်အတွင်းသို့ ဝင်ရောက်ခြင်းများ ပြုလုပ်နေကြသည့်အတွက် နိုင်ငံရေးအကျဉ်းသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ ဖြစ်နေသည်ဟု သိရသည်။ 

ထို့အပြင် ကျိုက်မရောအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသူ(၄၀)ကျော်ကို ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်း‌များ‌တွေ့ရှိသည်ဟုဆိုကာ ဒိုက်ဦးအကျဉ်းထောင် အာဏာပိုင်များက အမျိုးသမီးဆောင်ကို သေနတ်များပစ်ဖောက်ခြင်း၊ ရိုက်နှက်ခြင်း၊ လေးဂွများဖြင့်ပစ်ခြင်း၊ အုတ်ခဲများဖြင့် ဝိုင်းပစ်ကာ အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကြောင့် နိုင်ငံရေးအကျဉ်းသူများ ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာများအား ဆေးကုသခွင့်မပေးဘဲ ရက်ပေါင်းများစွာ တိုက်ပိတ်ထားသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းသည် စစ်ကြောရေးတွင်ရရှိခဲ့သည့် နံရိုးကျိုးသည့်ဒဏ်ရာအား လွိုင်ကော်ထောင်တွင် လုံလောက်သည့် ဆေးကုသခွင့်မရရှိခဲ့ဘဲ အရိုးတီဘီရောဂါကို ခံစားခဲ့ရသည်။

ထို့နောက် အခြေအနေအလွန်ဆိုးရွားသည့်အချိန်မှ အင်းစိန်ထောင်သို့ပြောင်းရွှေ့ပေးကာ အင်းစိန်ဆေးရုံတွင် သံခြေကျဉ်းခတ်ထား၍ ဆေးကုသပေးခဲ့ပြီး ကွယ်လွန်ကာနီး ဩဂုတ်လ(၁၆)ရက်မှ လွှတ်ပေးလိုက်သဖြင့် ဩဂုတ်လ(၁၉)ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရသည်။

ကိုဖေမောင်စိမ်းကဲ့သို့ အကျဉ်းထောင်များတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား (၁၀၁)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအပေါ်  ပုံစံမျိုးစုံဖြင့်ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်နေသူများအား စနစ်တကျ မှတ်တမ်းတင်ဖော်ထုတ်ပြီး ကျူးလွန်မှုအဆင့်အလိုက် အပြစ်ပေးအရေးယူနိုင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခံရသူ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ၏ ပေးဆပ်မှု၊ စွန့်လွှတ်မှုများအတွက် တရားမျှတမှုရရှိနိုင်ရန်အတွက်လည်း အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)၊ ထောင်ဝင်စာပို့ကြမယ်၊ နွေဦးတမာန် နိုင်ကျဉ်းကူညီရေးအဖွဲ့တို့က ပူးတွဲထုတ်ပြန်သည်။

#TachileikNewsAgency