နီပေါနိုင်ငံ၏ မြို့တော်ဖြစ်သည့် ခန္တမန္ဒူမြို့တွင် သွားကိုက်ပျောက်သည်ဟု ဆိုသည့် သစ်ပင် ပင်စည် နတ်ကွန်းကြောင့် သွားကိုက်ဝေဒနာရှင်များအဖို့ သွားရောက် ဆုတောင်းရာ နေရာတခုဖြစ်နေလေသည်။
ခန္တမန္ဒူမြို့ရှိ သစ်ပင်အို ပင်စည်တစ်ခုပေါ်တွင် သွားကိုက်ဝေဒနာ ခံစားနေရသူတို့က နီပေါ ရူပီးငွေ အကြွေစေ့များကို သံဖြင့် ရိုက်ပြီး ဆုတောင်းလေ့ရှိကြသည်။
Thamel နှင့် Kathmandu Durbar ရင်ပြင် (၂) ခုကြား ခန္တမန္ဒူမြို့ရှိ လမ်းကျဥ်းလေးတစ်ခုပေါ်တွင် တည်ရှိသော သွားကိုက်ပျောက် သစ်ပင်မှာ နီပေါမြို့တော်တွင် ခရီးသွားများအတွက် တစ်မူထူးခြားသော လည်ပတ်စရာ နေရာတစ်ခုလည်း ဖြစ်နေသည်။
သွားကိုက်ပျောက်ကင်းစေရန်အတွက် ထိုနေရာကို လာရောက်ဆုတောင်းကြသူများပြီး သံဖြင့်ရိုက်ထားသော ရူပီးငွေ အကြွေစေ့များဖြင့် ဖုံးလွှမ်းနေသည့်အတွက် သစ်ပင်၏ ပင်စည် ရုပ်လုံးမှာ ပျောက်နေ၍ သစ်ပင်နှင့်မတူတော့သည့် အခြေအနေ ဖြစ်နေသည်ကို တွေ့ရသည်။
ခန္တမန္ဒူမြို့တွင် ခေတ်မီ သွားဘက်ဆိုင်ရာ ကုသမှုများဖြင့် ကုသလာခဲ့သည်မှာ ဆယ်စုနှစ်များ ကြာပြီဖြစ်သော်လည်း လူများက ၎င်းတို့၏ သွားပြဿနာများကို နတ်ဘုရားမက သက်သာပျောက်ကင်းသွားစေလိမ့်မည်ဟု မျှော်လင့်ပြီး သွားကိုက်ပျောက် သစ်ပင်တွင် အကြွေစေ့များကို သံဖြင့်ရိုက် ဆုတောင်းရန် လာရောက်နေကြဆဲ ဖြစ်သည်။
အဆိုပါ တစ်မူထူးခြားသော နတ်ကွန်းဖြစ်နေသည့် သစ်ပင်မှာ Bangemudha ဟု လူသိများသော ဒဏ္ဍာရီလာ သစ်ပင်မှ ဖြတ်တောက်ထားသည်ဟု ဆိုကြသလို သက်တမ်းအားဖြင့် မည်မျှ ရှိပြီဖြစ်ကြောင်းကို မသိနိုင်သော်လည်း ခန္တမန္ဒူတောင်ကြားတွင် ရှိခဲ့သည့် Lichchhavi ဘုရင့်နိုင်ငံတော်ခေတ်မှ ဖြစ်သည်ဟု ဆိုကြသည်။
ထိုပင်စည်၏ အခေါင်းပေါက် နက်ရှိင်းသော အတွင်းပိုင်းတွင် သေးငယ်သော ရွှေရုပ်တုတစ်ခုရှိသည်ဟု ဒဏ္ဍာရီက ဆိုသော်လည်း သံဖြင့်ရိုက်ထားသော ငွေအကြွေစေ့များ ဖုံးလွှမ်းနေရာ အခေါင်းပေါက် အတွင်းပိုင်ကို မမြင်နိုင်ဟု ဆိုသည်။
Earth Stories ဝက်ဘ်ဆိုက်၏ အဆိုအရ ထိုရွှေရုပ်တု ခိုးယူခံသည်မှာ ကြာပြီဖြစ်သော်လည်း သွားကိုက်ပျောက်နတ်ကွန်းအဖြစ် ကျော်ကြားမှုကို မထိခိုက်စေခဲ့ကြောင်း သိရသည်။
နှစ်များကြာလာသည်နှင့်အမျှ ခန္တမန္ဒူမြို့၏ သွားကိုက်ပျောက် သစ်ပင်က ၎င်းတို့၏ ဝေဒနာ ပျောက်ကင်းသက်သာစေရန် မျှော်လင့်နေကြသော သွားကိုက်ဝေဒနာ ခံစားနေရသူများရော သွားဆရာဝန်များကိုပါ ဆွဲဆောင်လာခဲ့သည်။
သွားကိုက်ပျောက်လိုသူများက သွားကိုက်ပျောက် နတ်ဘုရားမ Vaisha Dev ၏ နတ်ကွန်းဖြစ်နေသည့် ထိုသစ်ပင်တွင် ငွေအကြွေစေ့များကို သံဖြင့်ရိုက်ပြီး လာရောက်ဆုတောင်းကြသလို ဒါဇင်နှင့်ချီသော သွားဆေးခန်းများလည်း ထိုနေရာ အနီးတဝိုက်တွင် ဖွင့်ထားကြသည်။
Source: OddityCentral
Photo: Ashima Tiku, 322Tim, SteveJacksonnufc,