ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ဇရစ်ချောင်းအုပ်စုမှ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်ရှင်းလင်းပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) ထံမှ သိရသည်။
ချောင်းနားကျေးရွာတွင်နေထိုင်သည့် ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူးအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ နံနက် (၉)နာရီခန့်တွင် ဇရစ်ချောင်းရွာ ဘုန်းကြီးကျောင်းအနီးလမ်းမပေါ်၌ ဆိုင်ကယ်စီးလာစဉ် PDF တပ်ဖွဲ့များမှ ပတ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းထံမှ လက်ပစ်ဗုံး (၁)လုံး ၊ ကျည် (၂၆)တောင့်၊ ငွေကျပ် ရှစ်သောင်းနှင့် သက်သေခံကဒ်ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ကာ လူငယ်များအား စစ်မှုထမ်းရန် ခြိမ်းခြောက်စုဆောင်း၍ ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီထံ မမှန်ကန်ဘဲ သတင်းပေး၍ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းပေးခြင်းများ ဆောင်ရွက်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂)မှ ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) တပ်ခွဲ (၃)နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍လည်း သာယာဝတီခရိုင်အတွင်း လူငယ်များအား စစ်မှုထမ်းအတင်းအကျပ်စုဆောင်းနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို အနှောင့်အယှက်ပေးနေသူများအား ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂)မှ အသိပေးထားသည်။
#TachileikNewsAgency
Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂