အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်

အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်

 ရှမ်းတိုင်းရင်းသား အဆိုတော်ကြီး စိုင်းဆိုင်မောဝ်သည် ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့ ည(၇)နာရီ (၁၅)မိနစ်အချိန်က အင်းစိန်မြို့နယ်အတွင်းရှိ အထူးကုဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

အသက်(၇၆)နှစ်အရွယ်ရှိ အဆိုတော် စိုင်းဆိုင်မောဝ်သည် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျောက်ကပ်ရောဂါကို ကုသနေခဲ့ရသူဖြစ်ပြီး ထိုစဉ်က ၎င်း၏ ဆေးကုသမှုများအတွက် ရှမ်းတိုင်းရင်းသားအဆိုတော်များနှင့် ရှမ်းပြည်နယ်အတွင်း ပြည်သူများက အလှူငွေများ ကောက်ခံပြီး ကူညီမှုများ လုပ်ဆောင်ခဲ့ကြသေးသည်။

အဆိုတော် စိုင်းဆိုင်မောဝ်သည် ရှမ်းစာပေ နှင့် ရှမ်းယဉ်ကျေးမှုကို အလေးထားပြီး  ရှမ်းဘာသာဖြင့် တေးသီချင်းများစွာကို ဘက်ပေါင်းစုံကနေ ရေးစပ် သီဆိုခဲ့သလို မြန်မာဘာသာဖြင့် တေးသီချင်းများစွာကိုလည်း ကိုယ်တိုင်စပ် သီဆိုခဲ့သူဖြစ်သည်။

၁၉၄၉ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် မွေးဖွားသည့် အဆိုတော် စိုင်းဆိုင်မောဝ်သည် အသက်(၁၄)နှစ်အရွယ်ကတည်းက ဂီတအနုပညာကို ဝါသနာပါလာသူဖြစ်ပြီး ၎င်း၏ နာမည်အရင်းမှာ စိုင်းညွှန့် မောင် ဖြစ်ကာ  စိုင်းဆွမ်ယုတ် အမည်ဖြင့်လည်း   သီချင်းများဆိုခဲ့ဖူးသော်လည်း စိုင်းဆိုင်မောဝ် အမည်ဖြင့် ပြောင်းလဲလိုက်ပြီးနောက်တွင် အစဉ်တစိုက် ကျော်ကြားလာခဲ့သူ ဖြစ်သည်။

၎င်းသီဆိုခဲ့သည့် မြန်မာ - ရှမ်း  ဘာသာများဖြင့် သီချင်းများမှာ ရာနှင့်ချီ ရှိသည်ဟု သိရသည်။