တော်လှန်ရေးတပ်များ ထိန်းချုပ်ရာ အမှတ် ၈ ပြည်ထောင်စုလမ်းတွင် တိုက်ပွဲဖြစ်

တော်လှန်ရေးတပ်များ ထိန်းချုပ်ရာ အမှတ် ၈ ပြည်ထောင်စုလမ်းတွင် တိုက်ပွဲဖြစ်

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအား စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေကြောင်း တောင်ညိုစစ်ကြောင်း တပ်ခွဲ(၃)ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ရွာအခြေစိုက် ခလရ(၁၀၆)နှင့် ဝယ်ဖယ်ရွာအခြေစိုက် အမတ (၃၁၇)ပူးပေါင်းစစ်ကြောင်းသည် အမတ (၃၁၇)တွင် လူစုကာ ကား(၃)စီးဖြင့် ရွာသစ်ရွာသို့ပို့ဆောင်ပြီး ကွမ်ကြိုက်ရွာနှင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအား စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း သိရသည်။

အင်အား (၁၀၀)ဝန်းကျင်ဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇)၊ KNLA ပူးပေါင်း PDF တောင်ညိုစစ်ကြောင်း၊ တပ်ခွဲ(၃)၊  MNSP(AD) ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲ မိနစ်(၃၀)ခန့်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး လက်နက်အား ကောက်ယူနိုင်ရန်ကြိုးစားခဲ့သော်လည်း လက်နက်ကြီးပစ်ကူကြောင့် ကောက်ယူရရှိမှုမရှိဘဲ ပူးပေါင်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ရေးမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းကြီးသည် တော်လှန်ရေးတပ်များက လမ်းပိုင်းလုံခြုံရေးရယူကာ စစ်ကောင်စီ၏ လူ၊ လက်နက်များ ဖြတ်သန်းသွားလာခြင်းမရှိစေရန် စစ်ဆေးခြင်းများလုပ်ဆောင်လေ့ရှိသည့် လမ်းဖြစ်သည်။

#TachileikNewsAgency