နောင်ချိုမြို့ရှိ စစ်ကောင်စီ နောက်ဆုံးတပ်စခန်းကိုသိမ်းပြီး မြို့ကို TNLA ထိန်းချုပ်

နောင်ချိုမြို့ရှိ စစ်ကောင်စီ နောက်ဆုံးတပ်စခန်းကိုသိမ်းပြီး မြို့ကို TNLA ထိန်းချုပ်
ဇူလိုင် 10, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို နေ့လယ် (၁)နာရီခွဲတွင် အတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲမြို့တို့တွင် ဇွန်လ (၂၄)ရက်နေ့ကစတင်ပြီး TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီ၏တပ်စခန်းအများအပြားကို TNLA ဘက်က သိမ်းပိုက်ထားပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် နောင်ချိုသည် ပထမဆုံးသိမ်းပိုက်ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာသည်။

“ဒုံးတပ် (၆၀၆)ကို သိမ်းတာဟုတ်တယ်။ ရှင်းလင်းရေးလုပ်နေတယ်။ ၆၀၆ တပ်ကိုရပြီဆိုတော့ မြို့လည်း ထိန်းချုပ်နိုင်ပြီလို့ပြောနိုင်ပြီ။ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားတာဟုတ်တယ်။ စစ်ကောင်စီသတင်းပေးတွေပါ ဖမ်းမိထားတယ်ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

နောင်ချိုမြို့ရှိ ခမရ(၁၁၅)ကို ဇွန်လ (၂၆)ရက်နေ့၊ ခမရ (၁၁၄)တပ်ကို ဇွန်လ (၂၇)ရက်နေ့တို့တွင် TNLA ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)တို့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်းရှိ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်နှင့် အုမ္မတီး စသည့် စစ်ကောင်စီတပ်စခန်းများကို TNLAက သိမ်းထားပြီးဖြစ်သဖြင့် လက်ကျန်နောက်ဆုံးစခန်း ဒုံးတပ်(၆၀၆)ထံ စစ်ကောင်စီက အင်အားထပ်ပို့ကာ ခုခံနေခဲ့ခြင်းဖြစ်သည်။

TNLA သည် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အမှတ် (၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ(၅၀၁)၊ (၅၀၂)တို့ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

#TachileikNewsAgency