သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး ၅ ဦးဒဏ်ရာရ 

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး ၅ ဦးဒဏ်ရာရ 

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သား(၃)ဦး သေဆုံးပြီး ကိုရင်(၂)ပါး အပါအဝင် (၅)ဦး ဒဏ်ရာရကြောင်း ‌ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်လာချိန် ဝက်သေကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးကုန်းမှ (၁၂၀)မမ လက်နက်ကြီး (၁၇)လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ ချောင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲကြောင်း သိရသည်။

အဆိုပါပြစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ ကိုရင်(၂)ပါး ထိခိုက်ဒဏ်ရာရပြီး (၆)တန်းကျောင်းသား (၂)ဦးတွင် တစ်ဦး‌ သေဆုံးကာ ကျန်ကျောင်းသားတစ်ဦးမှာ ‌ခြေတောက်တစ်ဖက် ဖြတ်ပစ်လိုက်ရကြောင်း သိရသည်။

ဇွန်လ (၁၈)ရက်နေ့တွင် သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာရှိ စစ်ကောင်စီတပ် လက်နက်ကြီးအထိုင်ချရာနေရာမှ (၁၂၀)မမဖြင့် ချောင်းကြီးကျေးရွာအတွင်းသို့ ထပ်မံပစ်ခတ်ရာ ဒေါ်ထွေး (၅၇)နှစ်နှင့် သားဖြစ်သူ ပိုင်ပိုင် (၁၇)နှစ်တို့မှာ နေရာမှာပင်သေဆုံးသည်ဟု သိရသည်။

ထို့အပြင် ဦးရွှေကြည်၊ ဒေါ်ခင်ဝင်းတို့၏ သမီးများဖြစ်သည့် ဒေါ်မာရွှေ(၄၀)နှစ်မှာ ပြင်းထန်ဒဏ်ရာရရှိပြီး မဇင်မာဝေမှာလည်း ဒဏ်ရာရရှိသည်ဟု သိရသည်။

#TachileikNewsAgency