တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမား တစ်ဦး ဓါးဖြင့် ထိုးခံရ

တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမား တစ်ဦး ဓါးဖြင့် ထိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမားတစ်ဦး ဓါးဖြင့် ထိုးခံရမှု ဖြစ်ပွားခဲ့သည်။

၎င်းဖြစ်စဉ်သည် ၂၀၂၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ပါဆတ် နှင့် ဝိန်းကျောက်ရပ်ကွက်အကြားရှိ ဦးအားဖာကွင်းဟု ခေါ်သည့် ကွင်းအတွင်း၌ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ဓါးဖြင့် ထိုးခံရသူမှာ တာချီလိတ်မြို့ ဝေဠုဝန်ဂိတ်မှ  ဦးထွန်းဇော် ဆိုသူဖြစ်ပြီး ဓါးဖြင့် ထိုးသွားသူမှာလည်း ဦးထွန်းဇော်မှ ရံဖန်ရံခါ လိုက်ပို့ဖူးပြီး တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်အခန်းငှားတွင် နေထိုင်သည့် အမည်မသိ အမျိုးသားတစ်ဦးကိုဖြစ်ကြောင်း သိရသည်။

 ဆိုင်ကယ်ဖြင့် လိုရာ လိုက်ပို့စဉ် ဦးအားဖာကွင်းအရောက်တွင် လည်ပင်းအား ဓါးဖြင့် ထိုးခံရခြင်း ဖြစ်ကြောင်း နှင့် မည်သည့်အကြောင်းကြောင့် ဓါးဖြင့်ထိုးသည်ကို မသိရသေးသော်လည်း ၎င်းသည် ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်ရဲတပ်ဖွဲ့ နှင့် ဆိုင်ကယ်ဖြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ကိုင်နေသည့် ရွှေတာချီလူမူကူညီရေးအသင်းတို့ ပူးပေါင်းကာ စုံစမ်းရှာဖွေနေကြောင်း သိရသည်။

ရွှေတာချီလူမူကူညီရေးအသင်းက ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓါးထိုးခံရသူကို ဆေးကုသစရိတ်အဖြင့် ထိုင်းဘတ်ငွေ (၂၀၀၀)ဘတ် ထောက်ပံ့သည်ကိုသာ ယနေ့ ဇွန်လ(၁၄)ရက်နေ့ ည(၆)နာရီကျော်တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားပြီး ၎င်းတို့၏ အသင်းသားများ သတိထားနိုင်ရန်အတွက် ယခု ဖြစ်ပွားသည့် ဖြစ်စဉ်နှင့်အကြောင်းအရင်းကိုတော့ သတင်းထုတ်ပြန် ဖော်ပြထားခြင်း မရှိသေးပေ။