ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုကြောင့် နေအိမ်(၃၀၀)ကျော်ဆုံးရှုံးပြီး လူဦးရေ (၂၀၀၀)ခန့် မီးဘေးသင့်

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုကြောင့် နေအိမ်(၃၀၀)ကျော်ဆုံးရှုံးပြီး လူဦးရေ (၂၀၀၀)ခန့် မီးဘေးသင့်

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားရှိ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်စခန်းအမှတ် (၁၃)တွင် ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ်(၃၀၀)ကျော် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

 

"မီးက နံနက်(၁၁)နာရီမှာ ဝါးသိုလှောင်ရုံကစပြီး လောင်ခဲ့တယ်။ နေအိမ်(၃၀၀)ကျော်၊ ဆိုင်အချို့ ပါသွားတယ်။ ဒဏ်ရာရသူ၊ သေဆုံးသူ မရှိပါ။ မီးသတ်နေသူတစ်ဦးနှင့် ရိုဟင်ဂျာဒုက္ခသည် တစ်ဦး အသက်ရှုမွန်းကျပ်ပြီး ဆေးရုံတင်ခဲ့တယ်။"ဟု အဆိုပါဒုက္ခသည်စခန်းမှ ရိုဟင်ဂျာမွတ်ဆလင် ကိုဟာဆင် ဆိုသူက Tachileik News Agency ကို ပြောသည်။

မီးလောင်မှုဖြစ်သည့် နေရာအား ဒုက္ခသည်စခန်းရှိ IOM မီးသတ်အဖွဲ့နှင့် APBn အဖွဲ့တို့က ကူညီပြီး မီးငြိမ်းခဲ့ရပြီး လူဦးရေ(၅) သောင်းကျော်ရှိစခန်းမှ ရိုဟင်ဂျာမွတ်ဆလင်ဦးရေ(၂၀၀၀)ခန့် မီးဘေးသင့်ခဲ့ရသည်ဟု သိရသည်။

၎င်းမီးဘေးသင့် ရိုဟင်ဂျာများအား ကူညီစောင့်ရှောက်ရန် လူသားချင်းစာနာ အထောက်အပံ့အတွက် NGO၊ INGO အဖွဲ့များက စီစဉ်ပေးနေသည်ဟု သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် နေအိမ်ပေါင်း(၂၀၀၀)ကျော်ရှိပြီး အိမ်ချင်းကပ်လျက် စုပြုံနေခြင်းကြောင့် အများအပြား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။