ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ခန့်အပ်မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်ကို ရာထူးမှ ထုတ်ပယ်ရန် အထက်လွှတ်တော် (Senate) အမတ် (၄၀) ဦး ပါဝင်သော အုပ်စုက ၂၀၂၄ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို တောင်းဆိုခဲ့ကြသည်။
အစိုးရအဖွဲ့ အပြောင်းအလဲအတွင်း ပြီးခဲ့သည့် ဧပြီလတွင် ရှေ့နေဟောင်းဖြစ်သူ Pichit Chuenban ကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်မှုကို အထက်လွှတ်တော် အမတ်များက ကန့်ကွက်ကြသည်။
ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ်ခန့်အပ်ခံရသူ Pichit မှာ ၂၀၀၈ ခုနှစ်တွင် ဘတ် (၂) သန်း ပါဝင်သော အဆာပြေမုန့်ဘူးကို တရားရုံးချုပ်တွင် ချပေးခဲ့ရာ ထိုလုပ်ရပ်က တရားရုံး တာဝန်ရှိသူများကို လာဘ်ထိုးရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ပြီး ၎င်းနှင့်အတူ လုပ်ဖော်ကိုင်ဖက် (၂) ဦးအား တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် (၆) လ ချမှတ်ခဲ့သည်။
ထိုဖြစ်ရပ်ပြီးနောက် ထိုင်းရှေ့နေများကောင်စီ Lawyers Council of Thailand က Pichit ၏ ရှေ့နေလိုင်စင်ကို (၅) နှစ်ကြာ ဆိုင်းငံ့ခဲ့သည်။
အထက်လွှတ်တော် အမတ်များက Pichit ထံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးရာထူး ရယူရန် လိုအပ်သော ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းများ ရှိ မရှိ ခုံရုံးက ဆုံးဖြတ်ပေးရန် လိုလားကြသည်။
ထို့အတူ ဝန်ကြီးချုပ်သာဗီစင်ကိုလည်း ဝန်ကြီးရာထူး ခန့်အပ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးရန် အထက်လွှတ်တော် အမတ်အုပ်စုက ခုံရုံးကို တောင်းဆိုထားသည်။
"Pichit က ဝန်ကြီးတစ်ယောက်ဖြစ်ဖို့ အရည်အချင်း မပြည့်မီပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ်က သူ့ကို ဝန်ကြီးရာထူးခန့်ဖို့ အဆိုပြုခဲ့တယ်။ ဒါကြောင့် ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ကလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ စံနှုန်းတွေကို ချိုးဖောက်ရာရောက်နိုင်တယ်" ဟု အထက်လွှတ်တော်အမတ် Derekrid Janekrongtham က Reuters သတင်းဌာနကို ပြောခဲ့သည်။
ရှေ့နေဟောင်း Pichit မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှာနာဝပ်ထရာနှင့် ၎င်း၏ ဇနီးဟောင်း Khunying Potjaman na Pombejra တို့အတွက် နာမည်ကြီး Ratchadaphisek မြေဝယ်ယူသည့် အမှုတွင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
Pichit ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ရင်းနှီးသူဖြစ်သောကြောင့်ဟု ထိုင်းအစိုးရကို ဝေဖန်သူများက ပြောဆိုကြသည်။
ပြည်ပတွင် (၁၅) နှစ်ကြာ နေထိုင်နေခဲ့သည့် သက်ဆင်က ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။
သက်ဆင်က လက်ရှိ အစိုးရအပေါ် နိုင်ငံရေး ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေဆဲဖြစ်သည်။
အစိုးရပြောခွင့်ရပုဂ္ဂိုလ် Chai Wacharonke ကမူ အထက်လွှတ်တော် အမတ်များ၏ စွပ်စွဲမှုများကို ပယ်ချလိုက်ပြီး အစိုးရအနေဖြင့် Pichit အရည်အချင်းပြည်မီမှုကို သေချာစစ်ဆေးခဲ့ကြောင်း ပြောခဲ့သည်။
Source: Reuters, Bangkok Post