ထိုင်းနိုင်ငံတွင် လူကြိုက်များနေသည့် Labubu အရုပ် တင်သွင်းရောင်းချသူများ စည်းမျဥ်း မလိုက်နာပါက ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ခံရမည်

ထိုင်းနိုင်ငံတွင် လူကြိုက်များနေသည့် Labubu အရုပ် တင်သွင်းရောင်းချသူများ စည်းမျဥ်း မလိုက်နာပါက ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ခံရမည်
By Mr John

ထိုင်းနိုင်ငံတွင် လူကြိုက်များနေသည့် Labubu ကလေးကစားစရာအရုပ် ထုတ်လုပ်သူများ၊ တင်သွင်းသူများနှင့် ရောင်းချသူများ အနေဖြင့် သတ်မှတ်စံနှုန်းများ စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း Thai Industrial Standards Institute (TISI) က သတိပေးထားသည်။

Labubu အရုပ်များ၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ TISI က စိုးရိမ်ပူပန်ကြောင်း အထွေထွေအတွင်းရေးမှူး Wanchai Phanomchai က ပြောသည်။ 

ထိုအရုပ်များမှာ ထိုင်းနိုင်ငံတွင် သုံးစွဲသူများကြား ရေပန်းစားနေကြောင်း သိရသည်။ 

နူးညံ့သော အမွေးပွအရုပ် Labubu ကို ကလေးကစားစရာအဖြစ် သတ်မှတ်ထားပြီး အဝတ်စများ ပါဝင်သည့်အတွက် ထုတ်လုပ်မှု စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဟု Wanchai က ဆိုသည်။

Labubu သော့ချိတ်များနှင့် လူကြီးများအတွက် ရည်ရွယ်သော PVC ပုံစံ သို့မဟုတ် ကာတွန်းပုံစံ Labubu အရုပ်များကို ကစားစရာအဖြစ် သတ်မှတ်မည်မဟုတ်ဟု ဆိုသည်။ 

ထုတ်လုပ်မှု စံချိန်စံညွှန်း စစ်ဆေးမှု ခံယူခြင်းမရှိသည့် Labubu အရုပ် ထုတ်လုပ်သူများနှင့် တင်သွင်းသူများမှာ ငွေဒဏ် ဘတ် (၂) သန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၂) နှစ်အထိ ဖြစ်စေ၊ ပြစ်ဒဏ် (၂) ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဟု TISI အထွေထွေအတွင်းရေးမှူးက ပြောသည်။

Labubu ရောင်းချသူများ အနေဖြင့်လည်း စံချိန်စံညွှန်း စစ်ဆေးမှု ခံယူခြင်း မရှိပါက ထောင်ဒဏ် (၆) လအထိ ဖြစ်စေ၊ ငွေဒဏ် ဘတ် (၅၀၀,၀၀၀) အထိ ဖြစ်စေ၊ ပြစ်ဒဏ် (၂) ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။ 

ထိုင်း K-pop စူပါစတား လီဆာ (Lalisa Manobnan) က နားရွက်ထောင်ထောင်၊ မျက်လုံးပြူးပြူးနှင့် လွှသွားပုံ သွားများနှင့် Labubu အရုပ်ကို ကိုင်ထားသည့် သူမ၏ ဓာတ်ပုံတစ်ပုံကို Instagram တွင် တင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ထိုအရုပ်ကို လူကြိုက်များလာခဲ့ကြောင်း ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့ Bangkok Post သတင်းက ဆိုသည်။

Labubu အရုပ်များမှာ ပုံမှန်အားဖြင့် အမြင့် (၁၈) စင်တီမီတာ ရှိကြသော်လည်း အမြင့် (၂၈) စင်တီမီတာရှိ အရုပ်များကိုလည်း ထုတ်လုပ်ထားသည်။ 

ဟောင်ကောင်ဖွား Kasing Lung က Labubu အရုပ်များကို ဖန်တီးခဲ့ခြင်းဖြစ်ပြီး Hown2Work နှင့် Pop Mart ကုမ္ပဏီတို့က အဆိုပါ အရုပ်များကို ထုတ်လုပ်ကြောင်း သိရသည်။

 

Source: Bangkok Post