ထိုင်ဝမ်တွင် လွှတ်တော် ပြုပြင်ပြောင်းလဲရေးကိစ္စ အငြင်းပွားရာမှ လွှတ်တော်အမတ်များ ရန်ပွဲ ဖြစ်ပွား

Photo:  Central News Agency (Taiwan)
Photo: Central News Agency (Taiwan)
ထိုင်ဝမ်တွင် လွှတ်တော် ပြုပြင်ပြောင်းလဲရေးကိစ္စ အငြင်းပွားရာမှ လွှတ်တော်အမတ်များ ရန်ပွဲ ဖြစ်ပွား
By Mr John

 ထိုင်ဝမ်တွင် လွှတ်တော် ပြုပြင်ပြောင်းလဲရေးကိစ္စ အပြင်းအထန် အငြင်းပွားရာမှ ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့က လွှတ်တော်အတွင်း အမတ်များ တစ်ဦးကိုတစ်ဦး ထိုးကြိတ်ကာ ရန်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ရွေးကောက်ခံသမ္မတ Lai Ching-te ၏ သမ္မတအဖြစ် ကျမ်းကျိန်ပွဲ မတိုင်မီ ရက်ပိုင်းအလို၌ လွှတ်တော်တွင်း ရန်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

လွှတ်တော် ပြုပြင်ပြောင်းလဲရေး မဲခွဲမှု မစတင်မီမှာပင် လွှတ်တော်အမတ်အချို့ လွှတ်တော်ခန်းမ အပြင်ဘက်တွင် တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်ကာ ရန်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းတွင်မူ လွှတ်တော်ခန်းမတွင်း 

ရန်ပွဲ ဆက်ဖြစ်ခဲ့ကြသည်။ 

ဝရုန်းသုန်းကား ဖြစ်ရပ်အတွင်း လွှတ်တော်အမတ်များက လွှတ်တော်ဥက္ကဌ၏ ထိုင်ခုံကို ဝိုင်းထားကြပြီး အချို့က စားပွဲများပေါ် ခုန်တက်ကာ အခြား အမတ်များကို ကြမ်းပြင်ပေါ်သို့ ဆွဲချကြသည်။

 Cincainews

ဗီဒီယိုမှတ်တမ်းအရ လွှတ်တော်အမတ်တစ်ဦးမှာ လူအုပ်စုပေါ်သို့ တွယ်တက်သွားခဲ့ရာမှ စားပွဲပေါ်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုလည်း တွေ့ရသည်။ 

မကြာမီတွင် ရန်ပွဲမှာ ငြိမ်သက်သွားသော်လည်း မွန်းလွဲပိုင်းတွင် ရန်ပွဲ ပိုပြင်းထန်လာခဲ့သည်ဟု ဆိုသည်။ 

ထိုင်ဝမ်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ အနိုင်ရသူ Lai က ၂၀၂၄ ခုနှစ် မေလ (၂၀) ရက်နေ့၌ ကျမ်းကျိန်မည် ဖြစ်သည်။

Lai က သမ္မတရွေးကောက်ပွဲ အနိုင်ရသော်လည်း ၎င်း၏ Democratic Progressive Party (DPP) ပါတီက လွှတ်တော်တွင် အမတ်နေရာ အများစုကို မရရှိခဲ့ကြောင်း သိရသည်။ 

  Central News Agency (Taiwan)

အတိုက်အခံပါတီ Kuomintang (KMT) က လွှတ်တော်တွင် DPP ထက် အမတ်နေရာများ ပိုမိုရရှိခဲ့သော်လည်း တစ်ပါတီတည်းဖြင့် လွှတ်တော်တွင် အများစုဖြစ်ရန် မလုံလောက်ရာ ပါတီငယ်ဖြစ်သည့် Taiwan People's Party (TPP) နှင့် ပူးပေါင်းထားသည်။

လွှတ်တော်တွင် မမှန်မကန် ထွက်ဆိုသော အစိုးရအရာရှိများကို ရာဇဝတ်မှုအရ အရေးယူရန် အငြင်းပွားဖွယ် အဆိုပြုမှု အပါအဝင် လွှတ်တော်အနေဖြင့် အစိုးရအပေါ် ဩဇာပိုကြီးရန် KMT နှင့် TPP အတိုက်အခံအုပ်စုက လိုလားကြသည်။ 

DPP ပါတီကမူ KMT နှင့် TPP တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ငန်းစဥ်များ မပါရှိသော အဆိုပြုမှုများမှတစ်ဆင့် အတင်းအကျပ် လုပ်ဆောင်ရန် မလျော်မကန် ကြိုးပမ်းနေကြကြောင်းနှင့် ထိုလုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော အာဏာအလွဲသုံးစားမှုဖြစ်ကြောင်း ပြောဆိုထားသည်။

 

Source: Reuters

Photo: Cincainews, Central News Agency (Taiwan)