ထိုင်းထီသမိုင်းတလျှောက်တွင် အမြင့်ဆုံး ထီဆုကြီးအဖြစ် ဘတ်(၇၂)သန်း ကံထူးရှင် ထွက်ပေါ်

ထိုင်းထီသမိုင်းတလျှောက်တွင် အမြင့်ဆုံး ထီဆုကြီးအဖြစ် ဘတ်(၇၂)သန်း ကံထူးရှင် ထွက်ပေါ်
By Mr John

၂၀၂၄ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ဖွင့်လှစ်သည့် ထိုင်းအစိုးရထီဖွင့်ပွဲတွင် ထိုင်းနိုင်ငံ တောင်ပိုင်း သရန်ပြည်နယ်မှ အမျိုးသားတစ်ဦးက အမြင့်ဆုံး ထီဆုကြီး ပေါက်သည့်အပြင် အပိုဆုများပါ ထပ်ပေါက်ရာ စုစုပေါင်း ဆုကြေးငွေ ဘတ် (၇၂) သန်းအထိ ပိုင်ဆိုင်သွား၍ ထိုင်းထီသမိုင်းတလျှောက်တွင် အမြင့်ဆုံး ဆုဆွတ်ခူးသူအဖြစ် စာရင်းဝင်သွားသည်။ 

ယခုတစ်ပတ် ထိုင်းထီဖွင့်ပွဲတွင် ပထမဆု ထီလက်မှတ်နံပါတ်မှာ ၂၀၅၆၉၀ ဖြစ်ပြီး ရှေ့သုံးလုံးတိုက် ဆုများ၏ ထီလက်မှတ်နံပါတ်များမှာ ၈၈၅ နှင့် ၇၄၇ ဖြစ်ပြီး နောက်သုံးလုံးတိုက် ပေါက်သည့် ထီနံပါတ်များမှာ ၁၃၇ နှင့် ၀၇၀ တို့ ဖြစ်သလို နှစ်လုံးတိုက် ထီဆု၏ ပေါက်မဲနံပါတ်မှာ ၆၀ ဖြစ်သည်။ 

ပထမဆုတွင် ထီလက်မှတ် (၁၂) စောင်တွဲ ပါဝင်ပြီး တစ်စောင်လျှင် ဆုကြေး ဘတ်(၆)သန်းနှုန်းဖြင့် စုစုပေါင်း ဘတ် (၇၂) သန်း ဆုကြေးငွေရရှိမည် ဖြစ်သည်။

"ထီလက်မှတ် (၁၂) စောင်လုံးနဲ့ ပထမဆုကြီး ပေါက်ပြီး စုစုပေါင်း ဘတ် (၇၂) သန်း ရပြီဆိုတာ ကျွန်တော် အခုမှ သိတာ။ ရှေ့သုံးလုံးတိုက် ၇၄၇ နံပါတ်နဲ့လည်း ကျွန်တော် ထပ်ပေါက်သေးတယ်ဗျ" ဟု Lert က ပြောသည်။

ထူးထူးခြားခြား ထီလက်မှတ် (၁၂) စောင်တွဲဖြင့် အမြင့်ဆုံး ထီဆုကြီးပေါက်ခဲ့သူမှာ သရန် ပြည်နယ် နယောင်းခရိုင်မှ Lert ဆိုသူ ဖြစ်ပြီး ၎င်းက ထီဖွင့်မည့်ရက်၏ ရှေ့တစ်ရက် ၂၀၂၄ ခုနှစ် မေလ (၁၅) ရက်နေ့ မွန်းလွဲ (၂) နာရီခွဲတွင် ထိုထီလက်မှတ်များကို ဝယ်ယူကံစမ်းခဲ့ကြောင်း သိရသည်။ 

ထိုင်းထီသမိုင်းတလျှောက်တွင် အမြင့်ဆုံး ထီဆုကြီး ဆွတ်ခူးသူများမှာ ၂၀၁၈ခုနှစ်က ဘတ်သန်း(၃၀)ကို အကောင်းဇစ် စျူးယာတ်နမ် က လည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် ဘတ်သန်း (၄၀)ဆုကြီးကို ခွန်ဂျာရတ် ဒေဝိတ်က လည်းကောင်း ဆွတ်ခူးခဲ့သည်များရှိခဲ့ပြီး အများအပြားမှာ ဘတ်သန်း(၅၀)အောက်ထိသာ ဆွတ်ခူးနိုင်သည့် ဖြစ်စဉ်များသာရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်က ထိုင်းထီဆုကြီး ဘတ်သန်း (၉၀)အထိ ဆွတ်ခူးနိုင်ခဲ့သူ ထွက်ပေါ်ခဲ့သည့်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသော်လည်း ယင်းဖြစ်ရပ်မှာ ကောလာဟလသာဖြစ်ကြောင်း  Thai PBS သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

ထိုင်းနိုင်ငံ၏ ထီလုပ်ငန်းကို ၁၈၇၄ခုနှစ် ပဉ္စမမြောက် ရာမဘုရင် ချူလာလောင်ကွန်း(စုဠာလင်္ကရဏ)၏ မွေးနေ့တွင် တော်ဝင်ကိုယ်ရံတော်အား ထီဖွင့်ခွင့်ပြုရာကနေ စတင်ခဲ့ရာမှ ယခု ၂၀၂၄ခုနှစ်တွင် နှစ်ပေါင်း(၁၅၀)ကျော်ရှိပြီး ယခုအခါတွင် ထိုင်းထီသမိုင်းတလျှောက် နှစ်ပေါင်း (၁၅၀)ကျော်အတွင်း အမြင့်ဆုံး ဆုကြေး ဘတ်သန်း (၇၂)အထိ ရရှိသွားသည့် ဖြစ်စဉ်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

ထိုင်းထီကို လစဉ် (၁)ရက်နေ့ နှင့် (၁၆)ရက်နေ့များတွင် တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ဖွင့်လှစ်လျှက်ရှိရာ ထိုင်းထီကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘာဒီးယားနှင့် လာအိုနိုင်ငံများအထိ တဆင့်တဆင့် ရောင်းချမှုများအထိပါ အရှိန်အဟုန်ကောင်းနေဆဲဖြစ်သည်။

Source: The Thaiger, Thai PBS,