ထိုင်းနိုင်ငံတွင် ဒုတိယ ဝန်ကြီးချုပ်ဟောင်း ပရာဝစ် ဝုန်ဆူဝန်၏ တန်ဖိုးကြီး လက်ပတ်နာရီများကိစ္စ စုံစမ်းစစ်ဆေးမှု၏ အသေးစိတ် အားလုံးကို ထုတ်ဖော် မပြောသည့်အတွက် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် National Anti-Corruption Commission (NACC) နှင့် ၎င်း၏ရုံးကို ထိုင်းဘတ် (၅,၀၀၀) စီ ငွေဒဏ်ချမှတ်လိုက်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြည်သူ့ကွန်ရက် ဥက္ကဌ တက်ကြွလှုပ်ရှားသူ Veera Somkwamkid က ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့ ရက်စွဲတပ်ထားသော အုပ်ချုပ်ရေးဆိုင်ရာ တရားရုံး၏ အမိန့်စာကို ၂၀၂၄ ခုနှစ် မေလ (၈) ရက်နေ့၌ ၎င်း၏ Facebook တွင် ပို့စ်တင်ထားသည်။
တရားရုံးအမိန့်အရ ရက် (၃၀) အတွင်း ငွေဒဏ် ပေးဆောင်ရမည် ဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် ထိုရက်အတွင်း ငွေဒဏ် ပေးဆောင်ရန် ပျက်ကွက်ပါက တရားရုံးက ထိုငွေဒဏ်နှင့် ညီမျှသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်ကြောင်းလည်း သိရသည်။
NACC အနေဖြင့် ဗိုလ်ချုပ်ကြီး ပရာဝစ်၏ လက်ပတ်နာရီများကိစ္စ စုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်သည့် အစီရင်ခံစာနှင့် သက်သေအထောက်ထား အားလုံးကို Veera Somkwamkid အား ထုတ်ပြောရန် တရားရုံး စီရင်ချက်က တောင်းဆိုထားသည်။
ပရာဝစ်၏ လက်ပတ်နာရီများကိစ္စ စုံစမ်းစစ်ဆေးမှု အသေးစိတ်များကို ၂၀၂၃ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် လူသိရှင်ကြား ထုတ်ပြန်ရန် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးက NACC နှင့် ၎င်း၏ရုံးကို မူလက အမိန့်ထုတ်ထားခဲ့သည်။
သို့သော် NACC နှင့် ၎င်း၏ရုံးက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ရာ တရားရုံးက ငွေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ပရာဝစ်က ၂၀၁၄ ခုနှစ်တွင် ဒုဝန်ကြီးချုပ် ဖြစ်လာခဲ့စဥ် ၎င်း၏ ပိုင်ဆိုင်မှုများကို ကြေညာရာတွင် တန်ဖိုးကြီး လက်ပတ်နာရီများနှင့် လက်စွပ်များ မပါဝင်ခဲ့ကြောင်း သိရသည်။
၎င်းက ထိုလက်ပတ်နာရီများနှင့် လက်စွပ်များကို လူမြင်ကွင်းတွင် ဝတ်ဆင်ထားလေ့ရှိသည်။
အင်တာနက်တွင် စုံစမ်းထောက်လှမ်းသူများက ဒုဝန်ကြီးချုပ်ဟောင်း ပရာဝစ်၏ ရာနှင့်ချီသော ဓာတ်ပုံများမှတစ်ဆင့် ၎င်း၏ စုဆောင်းပိုင်ဆိုင်မှုများကို ဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ စုံစမ်းဖော်ထုတ်မှုအရ ပရာဝစ်ထံတွင် တန်ဖိုးကြီး လက်ပတ်နာရီ (၂၂) လုံးရှိပြီး ဘတ် (၄၁) သန်း တန်ဖိုးရှိကြောင်း တွေ့ရှိခဲ့သည်။
#TachileikNewsAgency
Source: Bangkok Post