မလေးရှားလဝက ထိန်းသိမ်းရေစခန်းမှ မြန်မာ (၁၃၀) ကျော် ထွက်ပြေး လွတ်မြောက်သွားပြီး တစ်ဦး သေဆုံး

မလေးရှားလဝက ထိန်းသိမ်းရေစခန်းမှ မြန်မာ (၁၃၀) ကျော် ထွက်ပြေး လွတ်မြောက်သွားပြီး တစ်ဦး သေဆုံး
ဖေဖော်ဝါရီ 2, 2024 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ (၁၃၀) ကျော် ထွက်ပြေးမှုအတွင်း ကားတိုက်မှုကြောင့် တစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။ 

မလေးရှားအနောက်ပိုင်း ပီရက်ခ်ပြည်နယ်ရှိ Bidor ထိန်းသိမ်းစခန်းမှ မြန်မာရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း (၁၃၁) ဦး ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နှောင်းပိုင်းက လွတ်မြောက်သွားခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အထွေထွေညွှန်ကြားရေးမှူး Ruslin Jusoh က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ထွက်ပြေးလွတ်မြောက်သွားသူများအနက်မှ တစ်ဦးမှာ ကားတိုက်မှုကြောင့် သေဆုံးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် လွတ်မြောက်နေသူများကို လိုက်လံရှာဖွေနေကြောင်း ၎င်းကဆိုသည်။

ထိန်းသိမ်းရေးစခန်း အမျိုးသားအဆောင်မှ ရိုဟင်ဂျာဒုက္ခသည် (၁၁၅) ဦးနှင့် မြန်မာနိုင်ငံသား အခြား တိုင်းရင်းသား (၁၆) ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း မလေးရှားအစိုးရသတင်းဌာန Bernama က ပီရက်ခ်ရဲတပ်ဖွဲ့ကို ကိုးကားဖော်ပြသည်။ 

ထွက်ပြေးလွတ်မြောက်သွားသူများအနက် အမျိုးသားတစ်ဦးမှာ အဝေးပြေးလမ်းမပေါ်တွင် ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း Bernama သတင်းက ပြောသည်။

ယခုဖြစ်ရပ်မှာ နှစ်များစွာအတွင်း မလေးရှားလဝက ထိန်းသိမ်းရေစခန်းကနေ ဒုတိယအကြိမ် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ ထွက်ပြေးမှုဖြစ်ကြောင်း သိရသည်။ 

၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည် (၅၈၂) ဦး မလေးရှားမြောက်ပိုင်း ကီဒါပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးခဲ့ကြသည်။ 

ထိုစဥ်က အဝေးပြေးလမ်းမပေါ်တွင် ကားဖြင့်တိုက်မိမှုကြောင့် ရိုဟင်ဂျာ (၆) ဦး သေဆုံးခဲ့သည်။

Source: Reuters