NASA ၏ ပထမဆုံး ဂြိုဟ်သိမ်နမူနာ ကမ္ဘာမြေပြသို့ ‌ရောက်ရှိလာမည်

NASA ၏ ပထမဆုံး ဂြိုဟ်သိမ်နမူနာ ကမ္ဘာမြေပြသို့ ‌ရောက်ရှိလာမည်
စက်တင်ဘာ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဂြိုဟ်သိမ်တစ်ခု၏ မျက်နှာပြင်မှ ရယူခဲ့သော နမူနာကို သယ်ဆောင်လာသည့် အမေရိကန်အာကာသအေဂျင်စီ (NASA) ၏ အာကာသယာဥ်အခန်းမှာ ကမ္ဘာမြေပြင်သို့ ဦးတည်လာနေပြီး ယနေ့ ၂၀၂ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့တွင် အမေရိကန်နိုင်ငံ အူတားပြည်နယ်အတွင်း လေထီးတစ်ခုဖြင့် ဆင်းသက်ရောက်ရှိလာမည် ဖြစ်သည်။

Bennu ဂြိုဟ်သိမ်၏ နမူနာကို သယ်ဆောင်လာသော ဂြိုဟ်သိမ် စူးစမ်းလေ့လာရေး အာကာသယာဥ် OSIRIS-REx က ကမ္ဘာမြေပြင်သို့ ဦးတည်ဆင်းသက်လာနေကြောင်းနှင့် ရာသီဥတု ခန့်မှန်းချက်လည်း ကောင်းမွန်ပြီး နောက်ထပ် လမ်းကြောင်းချိန်ညှိရန် မလိုအပ်ကြောင်း NASA တာဝန်ရှိသူများက စက်တင်ဘာလ (၂၂) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အာကာသယာဥ်အခန်းက Salt Lake မြို့၏ အနောက်ဘက်ရှိ အမေရိကန်စစ်တပ်၏ အူတား စမ်းသပ်ရေးနှင့် လေ့ကျင့်ရေး နယ်မြေတွင် ဆင်းသက်ရောက်ရှိလာမည်ဟု Bennu ဂြိုဟ်သိမ် စူးစမ်းလေ့လာရေး အာကာသယာဥ် OSIRIS-REx ကို ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခဲ့သည့် Lockheed Martin ကုမ္ပဏီမှ အစီအစဥ် မန်နေဂျာ Sandra Freund က ဆိုသည်။

NASA ၏ ပထမဆုံး ဂြိုဟ်သိမ်နမူနာကို သယ်ဆောင်လာသော အာကာသယာဥ်အခန်းမှာ အသံ၏ အမြန်နှုန်းထက် အကြမ်းဖျင်းအားဖြင့် (၃၅) ဆ ပိုမြန်သော အမြန်နှုန်းဖြင့် ကမ္ဘာ့လေထုအတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။ 

Bennu ဂြိုဟ်သိမ်မှာ အချင်း (၁,၆၀၀) ပေ (၅၀၀ မီတာ) မျှသာရှိသည့် ဂြိုဟ်သိမ်တစ်ခု ဖြစ်သည်။ 

ထိုဂြိုဟ်သိမ်ကို စူးစမ်းလေ့လာရန် ၂၀၁၆ ခုနှစ်တွင် OSIRIS-REx အာကာသယာဥ်ကို လွှတ်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဂြိုဟ်ပတ်လမ်းသို့ ‌ရောက်ရှိခဲ့သည်။

စူးစမ်းလေ့လာရေးယာဥ်က Bennu ဂြိုဟ်သိမ်ကို (၂) နှစ်ကြာ လှည့်ပတ်နေခဲ့ပြီးနောက် ဂြိုဟ်မျက်နှာပြင်အနီးသို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့တွင် ချဥ်းကပ်ခဲ့ပြီး စက်ရုပ်လက်တံဖြင့် နမူနာကို ရယူခဲ့သည်။ 

ထို့နောက် ၂၀၂၁ ခုနှစ် မေလတွင် OSIRIS-REx က ကမ္ဘာမြေပြင်သို့ မိုင်ပေါင်း (၁.၂) ဘီလီယံ ခရီးကို စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

#TachileikNewsAgency

Source: Reuters