အကျဥ်းထောင်ကနေ (၂) ပတ်ကြာ ထွက်ပြေးလွတ်မြောက်နေသည့် လူသတ်တရားခံပြေးကို ရဲခွေးက ဖမ်းဆီး

အကျဥ်းထောင်ကနေ (၂) ပတ်ကြာ ထွက်ပြေးလွတ်မြောက်နေသည့် လူသတ်တရားခံပြေးကို ရဲခွေးက ဖမ်းဆီး
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံတွင် အကျဥ်းထောင်ကနေ (၂) ပတ်နီးပါးကြာ ထွက်ပြေးလွတ်မြောက်နေသော ပြစ်ဒဏ်ကျ လူသတ်သမားကို ရဲခွေးတစ်ကောင်က တောအုပ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ချက်စတာကောင်တီ အကျဥ်းထောင်မှ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ လူသတ်တရားခံ Danilo Cavalcante ဆိုသူကို အင်အားရာနှင့်ချီသည့် ရဲတပ်ဖွဲ့က (၂) ပတ်နီးပါးကြာ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ၎င်းထွက်ပြေးအပြီး (၂)ပတ်အကြာ၏ နံနက် (၈) နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့်အတူ လိုက်ပါလာသည့် အသက် (၄) နှစ်သား Belgian Malinois ခွေးအမျိုးအစား ယိုဒါ (Yoda) က ပင်ဆယ်ဗေးနီးယား တောအုပ်ဧရိယာတစ်ခုတွင် ပုန်းအောင်နေသော တရားခံပြေး Cavalcante ကို ကိုက်ပြီး ထိန်းသိမ်းခဲ့ကြောင်း ရဲအရာရှိများက ဆိုသည်။

ရဲခွေး ယိုဒါက တရားခံပြေး Cavalcante ကို ရိုင်ဖယ်သေနတ် အသုံးမပြုနိုင်ရန် ဝင်ကိုက်ခဲ့ပြီး ထိန်းသိမ်းလိုက်ကြောင်း ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး George Bivens က သတင်းစာရှင်းလင်းပွဲအတွင်း ‌ပြောခဲ့သည်။ 

အသက် (၃၄) နှစ်အရွယ် Cavalcnate မှာ ၂၀၂၁ ခုနှစ်တွင် ရည်းစားဟောင်း Deborah Brandão ကို သတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။ 

Cavalcante ကို ၂၀၁၇ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုဖြင့်လည်း အလိုရှိနေကြောင်း သိရသည်။

Source: CNN

Photo: US Customs and Border Protection