ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို အသင့် စောင့်ဆိုင်းခံထားရသည့် ထိုင်းဝန်ကြီးချုပ်‌ဟောင်း သက်ဆင်၏ ပြည်တော်ပြန် အစီအစဉ် ရွှေ့ဆိုင်း

ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို အသင့် စောင့်ဆိုင်းခံထားရသည့် ထိုင်းဝန်ကြီးချုပ်‌ဟောင်း သက်ဆင်၏ ပြည်တော်ပြန် အစီအစဉ် ရွှေ့ဆိုင်း
By Mr John

 ရဲတပ်ဖွဲ့၏ ဖမ်းဆီးရန် အသင့်စောင့်ဆိုင်းခြင်းကို ခံထားရပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် လာမည့် သီတင်းပတ်အတွင်း နိုင်ငံသို့ ပြန်လာမည့် အစီအစဥ်ကို ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

သက်ဆင် ပြန်လာမည့်အစီအစဥ်ကို သမီးဖြစ်သူ ပက်သွန်တန် ရှင်နာဝပ်ထရာသက   ဩဂုတ်လ (၁၀) ရက်နေ့တွင် ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာမည်ဟု ကြိုတင် ပြောထားသည်များ ရှိခဲ့သော်လည်း ယခုအခါ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းသို့ပြန်လာမည့် ခရီးစဥ် အဆင်ပြေချောမွေ့စေရေး သေချာစေရန် အစီအစဥ်ကို ရွှေ့ဆိုင်းထားမည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း Pheu Thai သတင်းရင်းမြစ်က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန် ခရီးစဉ်နှင့် ပတ်သက်၍  Pheu Thai ပါတီ ဦးဆောင်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းပြီးချိန်အထိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း Pheu Thai သတင်းရင်းမြစ်က ဩဂုတ်လ (၃) ရက်နေ့တွင် ပြောထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ ၂၀၀၆ ခုနှစ် စပ်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရပြီးနောက် ပြည်ပတွင် (၁၇) နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ၂၀၀၈ ခုနှစ်အတွင်း ခေတ္တမျှသာ ပြန်လာခဲ့ဖူးသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် သက်ဆင်ကို အမှု (၃) ခုဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ် မျက်ကွယ်ထောင်ဒဏ် ချမှတ်ခဲ့သည်။

သက်ဆင် အနေဖြင့် ထောင်ကျပြီး (၂၄) နာရီအတွင်း ဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံနိုင်ကြောင်း အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က ဆိုသည်။ 

ထိုင်းနိုင်ငံသို့ ပြန်လာမည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနှင့် ကြိုဆိုမည်ဖြစ်ပြီး တရားရုံးတင်သွားမည်ဟု ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas က ဇူလိုင်လ (၂၇) ရက်နေ့တွင် ပြောထားသည်။

 

Source: Bangkok Post