ကျွန်းလှမြို့နယ် စသာကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင် မိသားစုနှစ်စု PDFထံ ခိုလှုံလာ

ကျွန်းလှမြို့နယ် စသာကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင် မိသားစုနှစ်စု PDFထံ ခိုလှုံလာ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် စသာကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင်၏ မိသားစုနှင့် ပျူစောထီးသင်တန်းတက်ရန် စာရင်းပေါက်ထားသူ၏ မိသားစုတို့  ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့က ကျေးရွာမှထွက်ပြေးလာကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ထံ ခိုလှုံလာကြောင်း သိရသည်။ 

“မခံနိုင်လွန်းလို့ထွက်ပြေးလာတာ။ ကြီးကြီးတို့မှာ ဝတ်စရာအဝတ်အထည်ကအစ ပြည့်ပြည့်စုံစုံမပါဘူး။ မိသားစု နှစ်ခုပေါင်း လူ(၁၃)ယောက်ကို ဆိုင်ကယ်က (၂)စီးပဲပါတယ်။ လမ်းလျှောက်တဲ့သူကလျှောက်၊ ဆိုင်ကယ်နဲ့ လိုက်တဲ့သူကလိုက်နဲ့ အခက်အခဲမျိုးစုံကြားကနေ ထွက်ပြေးလာရတာ။"ဟု ထွက်ပြေးလာသည့် မိသားစုဝင် တစ်ဦးက ပြောကြောင်း Infinity Groupက ဖော်ပြထားသည်။ 

 

ထွက်ပြေးခဲ့ပြီးနောက် စသာကုန်းရွာမှ ၎င်းတို့၏ နေအိမ်များကို ပျူစောထီးများမှ ချိတ်ပိတ်ကာ နေအိမ်မှ ပရိဘောဂပစ္စည်းများအား သယ်ယူကြကြောင်း၊ ထို့အပြင် ၎င်းတို့မိသားစုဝင်များအား ရှာတွေ့ပါက တွေ့သည့်နေရာတွင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။ 

လက်ရှိတွင် ၎င်းတို့မိသားစုဝင်များအား ဒေသခံ ပြည်သူများအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ တာဝန်ရှိသူအချို့နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ သွားရောက်တွေ့ဆုံကာ လိုအပ်သည့် အကူအညီများ ပေးအပ်နေသည်ဟု သိရသည်။ ကျွန်းလှမြို့နယ်တွင် ပျူစောထီး လက်အောက်ခံ ကျေးရွာပေါင်း (၁၂)ရွာရှိနေကာ ပျူစောထီးသင်တန်း တက်ရောက်ထားသူ ဦးရေမှာ (၄၀၀)ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo : Infinity Group