ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့သည့် ပူတင်အတွက် ၎င်း၏ နိုင်ငံတွင် ပုန်ကန်မှု အရှိန်မြင့်လာနေပြီး ပြည်တွင်းစစ်ပွဲကို ဦးတည်လာနိုင် 

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့သည့် ပူတင်အတွက် ၎င်း၏ နိုင်ငံတွင် ပုန်ကန်မှု အရှိန်မြင့်လာနေပြီး ပြည်တွင်းစစ်ပွဲကို ဦးတည်လာနိုင် 
By Mr John

 ရုရှားစစ်တပ်နှင့် ရုရှားကြေးစားတပ်ဖွဲ့ ဝါဂနာ တို့ ထိပ်တိုက်တွေ့မှု အရှိန်မြင့်တက်လာနေပြီး ရုရှားစစ်တပ်က ၂၀၂၃ခုနှစ် ဇွန်လ (၂၄) ရက်နေ့ ၏ မွန်းလွဲပိုင်းတွင် မော်စကိုမြို့တော်သို့ ဦးတည်ချီတက်လာသော ဝါဂနာ တပ်ဖွဲ့ယာဥ်တန်းတစ်ခုကို ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဝါဂနာ ကြေးစားတပ်က ရုရှားတောင်ပိုင်းရှိ Rostov-on-Don မြို့ကို ဇွန်လ (၂၃) ရက်နေ့ ညတွင် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး မော်စကိုသို့ ချီတက်ကာ ရုရှားစစ်ဗိုလ်ချုပ်များကို ဖြုတ်ချပစ်မည်ဟု ကြေးစားတပ်ဖွဲ့ခေါင်းဆောင်   ပရီဂိုရှင် က ကြုံးဝါးထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ဝါဂနာ ကြေးစားတပ်ဖွဲ့ကို လက်နက်ကိုင် ပုန်ကုန်သူများဖြစ်ကြောင်းနှင့် ချေမှုန်းသွားမည်ဟု ပြောဆိုထားသည်။ 

ဝါဂနာ တပ်ဖွဲ့က ယူကရိန်းနှင့် နယ်စပ်အနီးရှိ လူဦးရေ (၁) သန်းကျော်ရှိသော Rostov-on-Don မြို့ကို ထိန်းချုပ်ထားပြီး ရုရှားအနောက်ပိုင်းကိုဖြတ်၍ မြောက်ဘက်သို့ လျင်မြန်စွာ ချီတက်လာကြောင်း သိရသည်။

ဝါဂနာ ကြေးစားတပ်ဖွဲ့များက Rostov မှ မော်စကိုသို့ မိုင် (၆၈၀) ရှည်လျားသည့် အမြန်လမ်းမ၏ လမ်းတစ်ဝက်ကျော်ရှိ Voronezh မြို့ကို ဖြတ်သန်းချီတက်လာစဥ် ရုရှားစစ်တပ်က ရဟတ်ယာဥ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

ဝါဂနာ တိုက်ခိုက်ရေးသမားများမှာ ရုရှားသမ္မတပူတင်၏ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲရာတွင် ပါဝင်တိုက်ခိုက်ပေးနေခဲ့သော်လည်း ခေါင်းဆောင်ဖြစ်သူ ပရီဂိုရှင် နှင့် ရုရှားစစ်ဗိုလ်ချုပ်များကြား လနှင့်ချီကြာ ရန်ငြိုးဖွဲ့နေခဲ့သည်။

မကြာသေးမီက ဝါဂနာ တပ်ဖွဲ့များကို ယူကရိန်းမှ ရုရှားနိုင်ငံအတွင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် Rostov မြို့ရှိ ရုရှား၏ တောင်ပိုင်းစစ်ဌာနချုပ်ကို ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားပြီဟု ပရီဂိုရှင် က ပြောသည်။ 

ယူကရိန်းကို ကျူးကျော်မှုအတွင်း ရုရှားအတွက် သယ်ယူပို့ဆောင်ရေး အချက်အချာကျသည့် Rostov မြို့တွင် ဝါဂနာ ကြေးစားတပ်များက သံချပ်ကာယာဥ်များနှင့် တင့်ကားများဖြင့် နေရာယူထားကြပြီး မြို့ခံများက မိုဘိုင်းဖုန်းများဖြင့် ဗီဒီယို/ဓာတ်ပုံ ရိုက်ကူးရင်း ထွက်ကြည့်နေခဲ့ကြသည်။

ရုရှားမြို့တော် မော်စကိုမြို့တွင် လမ်းမများပေါ်၌ လုံခြုံရေးတိုးမြှင့်ထားပြီး ရင်ပြင်နီကို အသွားအလာ ပိတ်ပင်ထားကြောင်း သိရသည်။ 

လက်ရှိ ရုရှားတွင် ပေါ်ပေါက်နေသည့် အခြေအနေမှာ ပြည်တွင်းစစ်ကို ဦးတည်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

အင်အား (၅၀,၀၀၀)ကျော် ရှိသည့် ဝါဂနာ ကြေးစားတပ်ဖွဲ့က စိန်ခေါ်လာမှုမှာ သမ္မပူတင်အတွက် ၎င်း၏ (၂၃) နှစ်ကြာ အာဏာချုပ်ကိုင်လာမှုအတွင်း အပြင်းထန်ဆုံး ခြိမ်းခြောက်မှုကို ရင်ဆိုင်လာရခြင်း ဖြစ်သည်။

ရုရှားစစ်တပ်ခေါင်းဆောင်များ၏ အမိန့်ဖြင့် ဝါဂနာ စခန်းတစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် ၎င်း၏တပ်ဖွဲ့အများအပြား သေဆုံးခဲ့ရကြောင်းနှင့် လက်တုံ့ပြန်သွားမည်ဟု ဝါဂနာ ခေါင်းဆောင် ပရီဂိုရှင် က ကြုံးဝါးထားသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ပရီဂိုရှင် ၏ ပြောကြားမှုကို မဟုတ်မှတ်ကြောင်း ငြင်းဆိုထားသည်။

လက်ရှိအချိန်အထိ အခြေအနေများအရ ရုရှားစစ်တပ်နှင့် ဝါဂနာ ကြေးစားတပ်တို့ကြား တိုက်ပွဲများ မည်မျှအထိ ပြင်းထန်စွာ ဖြစ်ပွားလာမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ 

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့သည့် ပူတင်အတွက်မူ ၎င်း၏နိုင်ငံတွင် ပြည်တွင်းစစ်ပွဲတစ်ခုကို ရင်ဆိုင်လာမည့် အခြေအနေသို့ ဆိုက်ရောက်လာနေပြီဟု ဆိုနိုင်သည်။

Source: Reuters, CNN

Photo: REUTERS/Stringer, AP,