ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ အနားယူစေလိုကြောင်း သံလျင် သဘာဝရိပ်သာ ဆရာတော်က သူရဦးတင်ဦးနှင့် တွေ့ဆုံပြီး ပြောဆို 

ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်၊ သဘာဝရိပ်သာ ဆရာတော် အရှင် ဥတ္တမသာရသည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၈)ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်များ မှန်ကန်သဖွယ် နိမိတ်ပြစကားလုံးများ ပြောဆိုခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ဗဟန်းရွှေတောင်ကြား၊ ဗောဓိရိပ်သာလမ်းနေအိမ်၌  သူရဦးတင်ဦးအား တွေ့ဆုံ၍ သူရဦးတင်ဦး၏ လက်ရှိနိုင်ငံရေး သဘောထားနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ အနားယူစေ လိုကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် သူရဦးတင်ဦးကို လာရောက်တွေ့ဆုံခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က သူရဦးတင်ဦး နှင့်  လာရောက်တွေ့ဆုံခဲ့သေးသည်။

အသက်(၉၇)နှစ်အရွယ်ရှိပြီဖြစ်သည့် သူရဦးတင်ဦးသည် လေ ဖြတ်ဝေဒနာ ခံစားနေရသူဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးတိုး တက်ကောင်းမွန်ကြောင်း သိရသည်။

သံလျင် သဘာဝရိပ်သာ ဆရာတော်သည် အာဏာသိမ်းစစ်ကောင်စီဘက်က ရပ်တည်ကာ ငြိမ်းချမ်းရေးအကြောင်းပြပြီး ယခုလို တွေ့ဆုံပြောကြားခြင်းဖြစ်ရာ ၎င်းအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံပြီး နိုင်ငံ့အာဏာသိမ်းထားပြီး ကျေးရွာများတွင် လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက် လူသတ်အကြမ်းဖက်နေခြင်းများကို ရပ်တန့်ပြီး စစ်အာဏာရှင်အဖြစ်ကနေ စွန့်လွတ်သင့်ကြောင်းကို ပြောဆိုရဲမည်မဟုတ်ကြောင်း ပြည်သူများက အွန်လိုင်းပေါ်တွင် ဝေဖန်ထားကြသည်။

အမျိုးသာဘာသာ သာသနာကို စောင့်ရှောက်မည်ဟု နာမည်ကောင်းယူကာ ကြွေးကြော်ထားသည့် စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် ဘာသာရေးကို လက်ကိုင်တုတ်သဖွယ်အသုံးပြုနေလျက်ရှိသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။