မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်၍ မြိုင်နှင့်ပေါက်မြို့နယ်များအတွင်း ဒေသခံများ  ဘေးလွတ်ရာသို့တိမ်း ရှောင်ပေးကြရန် မေတ္တာရပ်ခံထား

 မကွေးတိုင်း၊ မြိုင် နှင့် ပေါက်မြို့နယ်များအတွင်း စစ်ကြောင်းထိုးကာ ရွာအတွင်းနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သလို ဆက်လက်၍လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်၍ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်များက  ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် မေတ္တာရပ်ခံထားသည်။

ယနေ့ ဇွန်လ(၁)ရက်နေ့တွင် ပေါက်မြို့မှ စစ်‌ကောင်စီတပ် နှင့် ပျူစောထီး အင်အား(၅၀)ဦးဝန်းကျင်သည် ယမန်နေ့များက တိုက်ပွဲအတွင်း ဒဏ်ရာရသူများကို ကင်းပုန်းများဝပ်၍ စောင့်ကြိုနေပြီး ဒဏ်ရာများဖြင့် တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက သရဖီကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ်၊ မေလ(၃၀)ရက်နေ့က မြိုင်မြို့နယ်အတွင်း အိမ်ခြေ(၁၇၀)ဝန်းကျင်ရှိ ချောင်းနားရွာကို ဝင်ရောက်၍   အိမ်ခြေ(၁၀၀)ဝန်းကျင်အား မီးရှို့ပြီး ထွက်လာရာ ချောင်းနားရွာ အရှေ့ဘက်တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် မေလ(၃၁)ရက်နေ့ကလည်း သဲတော်ရွာ၊ ကျစ်ခဲရွာများတွင် ညအိပ်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးအဖွဲ့များက ရွာအနီး မိုင်း( ၃ )လုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများက ပေါက်အခြေပြုတော်လှန်ရေးအင်အားစု ဗိုလ်တစေအဖွဲ့၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ မြိုင်ဗိုလ်လက်ယာအဖွဲ့၊ မြိုင်ပကဖ တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။