ထိုင်းနိုင်ငံတွင် မူးယစ်ဆေးကုန်သွယ်မှုဖြင့် ဖမ်းဆီးထားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်နှင့် ဆက်နွယ်သူ ထိုင်းလွှတ်တော်အမတ်ကို စွဲချက်တင်မည်

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးကုန်သွယ်မှုဖြင့် ဖမ်းဆီးထားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်နှင့် ဆက်နွယ်သူ ထိုင်းလွှတ်တော်အမတ်ကို စွဲချက်တင်မည်
By Mr John

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် ဖမ်းဆီးထားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်နှင့် ဆက်နွယ်သူ ထိုင်းအထက်လွှတ်တော်အမတ် အူပါကစ်ပချယီယန်ကွန်း ကို ငွေကြေးခဝါချမှုနှင့် ဆက်စပ် ရာဇဝတ်မှုတစ်ခုဖြင့် စွဲချက်တင်သွားရန်  အစိုးရရှေ့နေများက ဆုံးဖြတ်လိုက်ကြောင်း ရှေ့နေချုပ်ရုံး ပြောခွင့်ရအမျိုးသား Kosolwat Inthuchanyong က မေလ (၁၉) ရက်နေ့တွင် ပြောသည်။

ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများက စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံ၍ လွှတ်တော်အမတ် အူပါကစ်ပချယီယန်ကွန်း ကို စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 ၎င်းကို ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်းတစ်ခုတွင် ပါဝင်ပတ်သက်မှုဖြင့် အစောပိုင်းက စုံစမ်းစစ်ဆေးခဲ့သည်။ 

လွှတ်တော်အမတ် အူပါကစ်ပချယီယန်ကွန်း ကမူ ၎င်းအပေါ် စွဲချက်များကို ငြင်းဆိုထားသည်။

မတ်လ (၁၇) ရက်နေ့တွင် အူပါကစ်ပချယီယန်ကွန်း က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်တို့ ဆက်နွယ်မှုရှိကြောင်း Move Forward ပါတီ လွှတ်တော်အမတ် Rangsiman Rome ၏ စွပ်စွဲမှုများကို တုံ့ပြန်ခဲ့သည်။ 

Move Forward ပါတီ လွှတ်တော်အမတ် Rangsiman နှင့် မီဒီယာအချို့က ၎င်းတို့၏ ကိုယ်ပိုင်ကောက်ချက်ချမှုများ လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း အူပါကစ်ပချယီယန်ကွန်း က ထိုစဥ်က ပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါးကုန်သွယ်မှုကနေ ရရှိလာသော ငွေများကို ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းမှတစ်ဆင့် ငွေကြေးခဝါချခဲ့ကြောင်း စွပ်စွဲမှုများကိုလည်း လွှတ်တော်အမတ် အူပါကစ်ပချယီယန်ကွန်း က ငြင်းဆိုခဲ့သည်။ 

အူပါကစ်ပချယီယန်ကွန်း ၏ အမှုကို အစိုးရရှေ့နေများထံ လွှဲပြောင်းခဲ့ကြောင်း Kosolwat က ပြောသည်။ 

ရှေ့နေချုပ်က လွှတ်တော်အမတ်အူပါကစ်ပချယီယန်ကွန်း ကို လာမည့် ဇူလိုင်လ (၂၃) ရက်နေ့တွင် စွဲချက်တင်ရန် အစိုးရရှေ့နေများ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခြင်းပြု မပြု ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံသား (၃) ဦးနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ထားသည်။

 ထွန်းမင်းလတ် ပိုင်ဆိုင်သော ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းတစ်ခန်းကို စီးနင်းရှာဖွေမှုအတွင်း အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးများ၏ ပိုင်ဆိုင်မှုအထောက်အထားများနှင့် ဘဏ်အကောင့်များကို တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

Source: Bangkok Post