ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူအကျဥ်းထောင် အထူးတရားရုံးသို့ ၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့၏ နေ့လည်ပိုင်းက ရုံးထုတ်လာသည့် နိုင်ငံရေးအကျဉ်းသား(၁၀)ဦးက ရဲများထံမှ သေနတ်များလုကာ ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်မောင်မျိုး သေဆုံးပြီး စစ်မှုထမ်းဟောင်းဖြစ်သည့် တပ်ကြပ်ကြီး ကျော်မြင့်မှာ ဒဏ်ရာရရှိကာ ၎င်းတို့ထံမှ ကာဘိုင် (၁)လက်နှင့် MA 11 (၁)လက်တို့အပြင် ဒုရဲအုပ် အေးသော်ထံမှ ခြောက်လုံးပြူး သေနတ်(၁)လက်နှင့် ရဲတပ်သား အောင်သူဝင်းထံမှ G- 3 (၁)လက်တို့ ပါသွားသည်ဟု သိရသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများမှာ ပုဒ်မ ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) စသည့် အကြမ်းဖက်ပုဒ်မများဖြင့် မတရားဖမ်းဆီးခံထားရသည့် သန့်ဇင်၊ အောင်ကျော်ဦး နှင့် ဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ချစ်မင်းသူ၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင်ထွန်း၊ စည်သူသန်းအေး၊ ခင်မျိုးကြည်တို့ ဖြစ်သည်ဟု သိရသည်။