မုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း နေအိမ်နှင့်အဆောက်အဦးပေါင်း (၁,၈၀၀)ကျော် ပျက်စီး

မုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း နေအိမ်နှင့်အဆောက်အဦးပေါင်း (၁,၈၀၀)ကျော် ပျက်စီး
မေ 18, 2023

ချင်းပြည်နယ်တွင် မိုခါ မုန်တိုင်းဒဏ်ကြောင့် နေအိမ်အပါအဝင် အဆောက်အဦးပေါင်း (၁,၈၅၇)လုံး ပျက်စီးသွားကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။



မုန်တိုင်းကြောင့် နေအိမ်(၁,၇၇၄)လုံး၊ ဘာသာရေး အဆောက်အဦး (၂၉)လုံး၊ ကျန်းမာရေး အဆောက်အဦး(၅)လုံး၊  စာသင်ကျောင်း (၃၀)၊ စပါးကျီ(၁၉)လုံးတို့ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

၂၀၂၃ခုနှစ်၊ မေလ(၁၄)ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ကန်ပက်လက်မြို့နယ်တွင် နေအိမ်(၁၁၂)လုံး၊ ဘာသာရေးအဆောက်အဦး(၃)လုံး၊ စာသင်ကျောင်း(၅)ကျောင်း၊ စပါးကျီ (၂)ခု ပျက်စီးကြောင်း သိရသည်။

မင်းတပ်မြို့နယ်တွင် နေအိမ်(၃၆၄)လုံး၊ ဘာသာရေး အဆောက်အဦး(၇)လုံး၊ စာသင်ကျောင်း(၁၈)လုံး၊ စပါးကျီ(၁၇)လုံး၊ မတူပီ မြို့နယ်တွင် နေအိမ်(၈၈၇)လုံး၊ ဘာသာရေးအဆောက် အဦး(၇) လုံး၊ ကျန်းမာရေးအဆောက်အဦး(၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်း ပျက်စီးကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် နေအိမ်(၂၂၀)လုံး၊ ဘာသာရေးအဆောက်အဦး (၂) လုံး၊ ကျန်းမာရေးအဆောက်အဦး(၁)လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ ထန်တလန်မြို့နယ်တွင် နေအိမ်(၂၇)လုံး၊ တီးတိန်မြို့နယ်တွင် နေအိမ်(၅)လုံး ပျက်စီးသည်ဟု သိသည်။

ဖလမမြို့နယ်တွင် နေအိမ်(၇၄)လုံး၊ ဘာသာရေးအဆောက် အဦး (၉) လုံး၊ စာသင်ကျောင်း (၅) ကျောင်း၊ ဟားခါးမြို့နယ်တွင် နေအိမ်(၈၅)လုံး၊ ဘာသာရေးအဆောက်အဦး(၁)လုံးပျက်စီးခဲ့ရ သည်ဟု မေလ(၁၇)ရက်နေ့ရရှိသည့် စာရင်းအရ ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီက သတင်းထုတ်ပြန်သည်။

ဒေသခံများမှာ အိမ်မိုးသွပ်ပြားများ၊ အိမ်ရိုက်သံများ၊ မိုးကာများနှင့် တာလပတ်များ၊ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါး များလိုအပ်နေသည်ဟု သိသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ချင်းပြည်နယ်အတွင်း မုန်တိုင်းဘေးသင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို မြေပြင်ကွင်းဆင်းကာ စာရင်းကောက်ယူ၍ သတင်းထုတ်ပြန်ထားသော်လည်း အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ်အတွင်း ရပ်ကွက်/ကျေးရွာ (၂၄)ရွာမှ လူနေအိမ် (၁၂၉)လုံး အပါအဝင် ဘာသာရေးအဆောက်အဦး နှင့် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဌာနဆိုင်ရာအဆောက်အဦး စုစုပေါင်း (၁၆၅)လုံးသာ ပျက်စီးဆုံးရှုံးမှုရှိကြောင်း လျော့ပေါ့ပြီး သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ICNCC