ခင်ဦးမြို့နယ်အတွင်း မြစ်ရိုးတစ်လျှောက်ကျေးရွာများတွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ (၅)ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွား 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြစ်ရိုးတစ်လျှောက်ကျေးရွာများအား စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့  (၅)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကျောက်မြောင်းမြို့နယ်ဘက်မှ စဥ့်ကူးမြို့နယ်ဘက်သို့ စစ်ကောင်စီတပ်အင်အား (၂၀၀)ခန့်သည် မေလ ( ၄ )ရက်နေ့တွင် အင်းဇောက်ကြီးရွာသို့ စစ်ကြောင်းထိုးလာပြီး ညနေ(၄)နာရီခွဲဝန်းကျင်အချိန်တွင်  စတင် ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် ရွှေကျင်ရွာသို့ ထပ်မံ ပစ်ခတ် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများသည် ချောင်းသလဲရွာ၊ ရွှေကျင်ရွာ နှင့် အင်းဇောက်ကြီးရွာတို့ကို မေလ(၅)ရက်နေ့ကနေ မေလ(၇)ရက်နေ့အထိ တစ်ရွာကို တစ်ရက်စီသွားရောက်ပြီး အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။ 

ဆက်လက်၍ မေလ(၈)နေ့နှင့် (၉)ရက်နေ့တို့တွင်လည်း သင်ပေါင်းရွာ နှင့််  တောင်ပို့ရွာတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသည့်အတွက် ဗိုလ်လင်းယုန်အဖွဲ့နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။



ထို့အတူ ဗိုလ်ဇင်ယော်အဖွဲ့မှာလည်း တောင်ပို့ရေရွာအားမီးရှို့ပြီးထွက်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် ရုံးပင်ကျေးရွာ အနောက်ဘက်တွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။

(၅)ရက်တာ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ(၂)ဦးအပါအဝင် (၁၁)ဦးသေပြီး  (၄၉) ဦး အပြင်းအထန်ဒဏ်ရာ ရရှိကာ စောင်ပါးကို ပုခတ်ပြုလုပ်ပြီး ထမ်း၍သယ်‌ ဆောင်နေသည်ကိုလည်းတွေ့ရကြောင်း  ဗိုလ်လင်းယုန် အဖွဲ့က ဆိုသည်။

အင်အား (၂၀၀) ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် (၅)ရက်တာအတွင်း  ရွှေကျင်၊ အင်းဇောက်ကြီး၊ ချောင်းသလဲ၊ သင်ပေါင်း၊ ကုတ္တက်၊ ကဘွတ်၊ ရွှေတောကြီး၊ တောင်ပို့ရေ၊ သရက်ကုန်း၊ရုံးပင်၊‌ ကြေးပြုံး၊မအူ စသည့် ကျေးရွာပေါင်း (၁၂)ရွာအား စစ်ကြောင်းထိုးကာ ထင်တိုင်းကြဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ကျောက်မြောင်းစစ်တပ်ထဲသို့ ပြန်ဝင်သွားကြောင်း သိရသည်။ 

လက်ရှိ မေလ(၁၃)ရက်နေ့ အချိန်ထိ မီးရှို့ခံရသော ကျေးရွာ(၁၂)ရွာမှ အပြစ်မဲ့ပြည်သူပေါင်း (၃,၀၀၀)ကျော်သည် နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

တန်ပြန်တိုက်ခိုက်မှုများတွင် ဗိုလ်ဇင်ယော်တပ်ဖွဲ့၊ ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ Nine PDF တပ်ဖွဲ့၊ Northern Tigers Group နှင့် ခင်ဦးမြို့နယ်တော်လှန်ရေးအင်အားစုတို့မှ ပူးပေါင်း တော်လှန် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။