ကော့ကရိတ်မြို့နယ်ရှိ ခလရ ၉၇ တပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်

By Tachileik News Agency

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၉၇ တပ်ကို ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်၊ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက် စုပေါင်းတပ်က တိုက်ခိုက်မှုပြုလုပ်ကြောင်း သိရသည်။

မနေ့က ခလရ ၉၇ ၀င်းထဲ ပစ်ခတ်တိုက်ခိုက်တယ်ပေါ့။  သူတို့ဘက်ကလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်တယ်ဗျ။ အလုံး (၇၀) ခန့်ပေါ့။ ကျွန်တော်တို့ တိုက်ခိုက်ခဲ့ပြီးမှပေါ့နော်။ ရွာ (၅) ရွာလောက်ကို လက်နက်ကြီးကျတယ်။ ဒေသခံတွေ ထိခိုက်မှုတော့မရှိဘူး။

ဟု စုပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

၎င်းစစ်ကောင်စီတပ်ကို Southern Eagle ၊ Justice Soldier နှင့် ကျားဖြူတပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယနေ့တွင်လည်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေပြီး ဒေသခံအချို့ တိမ်းရှောင်နေရကာ စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့နယ်အတွင်း အင်အားတိုးထားသည်ဟုလည်း သိရသည်။