မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် နှစ်ရက်အတွင်း (၇)ကြိမ်ထက်မနည်း တိုက်ခိုက်ရာ  စစ်ကောင်စီတပ်ဘက်က (၆)ဦးသေ

 

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို နှစ်ရက်အတွင်း ( ၇ )ကြိမ်ထက်မနည်း ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ( ၆ )ဦးသေပြီး အများအပြားဒဏ်ရာရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၂၃)ရက် နှင့် (၂၄)ရက်တို့တွင် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၆)ဦးသေပြီး အများအပြား ဒဏ်ရာရကာ ဒေသကာကွယ်ရေးတပ်မှ ရဲဘော်(၂)ဦးဒဏ်ရရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၃)ရက်နေ့၏ နံနက်ပိုင်းက မင်းကန်ရွာမှ စစ်ကောင်စီတပ်နှင့် ပူးပေါင်း ပျူစောထီး အင်အား (၈၀)ဝန်းကျင်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုအား မီးရှို့ဖျက်ဆီးပြီး ထွက်လာစဉ် ဒရုန်းဖြင့်ဗုံးသီး (၁၅ )လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ (၂၄)ရက်နေ့တွင်လည်း နံနက်(၆)ဝန်းကျင်က ပဒိုင်းတောအရှေ့ရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ညောင်တွင်းအနောက်ရွာသို့ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ဝင်လာစဉ် လက်နက်ကြီးထိမှန်၍ မြိုင်ပကဖ ရဲဘော်တစ်ဦးလက်တွင် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် ဒေသခံများ၏ နေအိမ်များအား မီးရှို့သဖြင့် နေအိမ် (၃၂)မီးလောင်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်များ မီးရှို့နေစဉ် မြိုင် ပကဖ ရင်း(၁)မှ မိုင်း (၅)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးသီး (၂၉) လုံးချကာ တိုက်ခိုက်ခဲ့ကာ နံနက် (၇)နာရီတွင်လည်း စစ်ကောင်စီ၏ မြိုင်မြို့မရဲစခန်းကို လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် မြို့အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး နံနက်(၇)နာရီ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား (၁၀၀)ကျော်သည် Well-2 ရေနံမြေစခန်းမှ ဖရံကိုင်း ရေနံမြေစခန်းသို့ စစ်ကြောင်းထိုးလာစဉ် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ် ကံသစ်ကျေးရွာနှင့် (၁)မိုင်ခန့်အကွာတွင် ‌ဒေသကာကွယ်ရေးတပ်များက မိုင်း (၅)လုံး၊ ဒရုန်းဖြင့် ဗုံး (၂၃)လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နေ့လည် (၁၂)နာရီကျော်တွင် ပေါက်မြို့နယ်၊ ပင်တောင်ပျူကျေးရွာ မှ စစ်ကောင်စီပူးပေါင်း ပျူစောထီးများသည် လုံခြုံရေးချကာ  ယောချောင်းအတွင်း ငါးရှော့ထိုးနေစဉ် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။

နေ့လည် ( ၁ )နာရီခွဲတွင် သေဆုံးအလောင်းများအား လာရောက်ကောက်ယူကြပြီးနောက် သပြေအေးကျေးရွာအား ဝင်ရောက်၍ မီးရှို့သွားကြသည်ဟု ဆိုသည်။

ဧပြီလ (၂၃)ရက်နေ့က ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းမှ ထွက်ခွာလာပြီး မင်းကိုင်းကျေးရွာ၊ ထန်းတောကျေးရွာ၊ ချောင်းညာကျေး ရွာတို့တွင် ဒေသခံများ၏ ငွေနှင့် ရွှေထည်ပစ္စည်းများအား  ယူဆောင်ခြင်း၊ ဒေသခံ (၅)ဦးအား သတ်ဖြတ်ပြီး လယ်အို၊ လယ်မကျေးရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို ဧပြီလ(၂၄)ရက်နေ့ နံနက် (၁၀)နာရီကျော်တွင်  ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် နာရီဝက်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ညနေပိုင်းတွင်လည်း တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ညနေ (၃)နာရီကျော်တွင် ဇီးပြားရဲစခန်းနှင့် သရော်ကိုင်းပျူရွာအား ဒေသကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့် အလုံးရေ (၄၀)ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကို ဘာမဏီပျောက်ကြားတပ်ဖွဲ့၊ GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း ပကဖ များနှင့် မြိုင် ပကဖ ရင်း (၁)ခွဲ(၃)စု(၂)၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ပခုက္ကူမြို့ပြပြောက်ကြားတပ်ဖွဲ့နှင့် မြိုင် ပကဖ ရင်း (၁) ခွဲ (၄) စိတ် (၂)၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ခရိုင် ရင်း (၁၈) ခွဲ(၃) နဂါးမျိုးအဖွဲ့၊ မြိုင် ပကဖ ရင်း (၁) ခွဲ (၅) စိတ် (၁/၄)၊ ပေါက်မြို့နယ် ဗိုလ်စကားအဖွဲ့၊ တောင်ညိုနဂါးအဖွဲ့၊ မြိုင် ပကဖ ရင်း (၁)ခွဲ (၄)စိတ် (၁)၊ Pakokku Thurain အဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊Earthquake People Defence Force၊ Royal Defence Force၊ Young Force နှင့် မြိုင် ပကဖ ရင်း (၁)တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့