မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် PDF ရဲဘော်များ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
၂၀၂၃ခုနှစ် ဧပြီလ( ၂၄)ရက်နေ့၏ နေ့လည်(၁၂)နာရီခွဲဝန်းကျင်အချိန်က ရေစကြိုမြို့နယ်ပခန်းကြီးနယ်မြေရဲစခန်းမှ Fawကား(၂)စီးဖြင့် အင်အား (၆၀)ခန့် နှင့် ရှင်မတောင် အနီးတဝိုက်ရှိကျေးရွာများအား လှည့်လည်၍ စစ်ကြောင်းထိုးနေသည်။
ထိုစစ်အုပ်စုတပ်သားများ မြေခဲတောင်ကျေးရွာနှင့် ကျောက်တံခါးကျေးရွာကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် မိနစ်(၃၀)ကြာ အပြန်အလှန် အနီးကပ်ထိတွေ့မှုဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။
Faw ကားပေါ်မှ ဆင်းလာသော စစ်အုပ်စုတပ်သားများအား ကာကွယ်ရေးရဲဘော်များ၏ အနီးကပ်တိုက်ခိုက်မှုကြောင့် အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရပြီး စစ်အုပ်စုတပ်သားများမှ လက်နက်ကြီးလက်နက်ငယ်များ အဆမတန်ပစ်ခတ်မှုကြောင့်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။
ဧပြီလ(၂၃)နေ့လည် (၁၂)နာရီ (၁၅)မိနစ်အချိန်ကလည်း ပခန်းကြီးနယ်မြေရဲစခန်းမှ ပခန်းငယ်ရဲစခန်းသို့သွားသည့် စစ်အုပ်စုတပ်သားများနှင့်ပျူများ လိုက်ပါစီးနင်းလာသော အိမ်စီးကား ( ၃ )စီး ဆိုင်ကယ် ( ၄ )စီးအား
ပခန်းကြီးနှင့်ပခန်းငယ်ကြား လမ်းတစ်နေရာတွင် (၄)လုံးတွဲမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သား (၂)ဦးသေဆုံးပြီး (၇)ဦးမှာ အပြင်းအထန်ဒဏ်ရာရှိသွားကြောင်း စုံစမ်းသိရှိရသည်ဟု ရေစကြို ပကဖက သတင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
ရုပ်သံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)