ဒီပဲယင်းကွဲတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်၍ ဝင်ရောက်မီးရှို့

By Tachileik News Agency

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲရွာတွင် တိုက်ပွဲမရှိ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)များမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်၍ဝင်ရောက်ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ၎င်းတို့လက်အောက်ခံပြည်သူ့စစ်( ပျူစောထီး)များနှင့်အတူ ၂၀၂၃ ခုနှစ် ဧပြီလ (၂၃) ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းကွဲကျေးရွာကို လက်နက်ကြီးများပစ်ခတ်၍ ဝင်လာခဲ့ကြပြီးနောက် ကျေးရွာကို မီးရှို့ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် သာသနိကအဆောက်အဦးများအပါအဝင် အိမ်ခြေ (၅၀၀) ခန့်ပျက်စီးဆုံးရှုံးခဲ့ရပြီး  အဆိုပါရွာအား စစ်ကောင်စီတပ်က (၃)ကြိမ်မြောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်သည် ဒီပဲယင်းကွဲကျေးရွာအနီးရှိ  အင်းစကွဲရွာကိုလည်း  ဧပြီလ (၂၁) ရက်နေ့က ဝင်ရောက်မီးရှို့ခဲ့ပြီး  ဧပြီလ (၂၃) ရက်တွင် တောင်ကြားရွာ၊ မူးသာရွာ၊ ရွာသစ်ရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ကြောင့် တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ အင်းစ၊‌ တောင်ကြား၊ မူးသာ၊ မန်ကျည်းကုန်းရွာ၊ ဒီပဲယင်းကွဲစသည့် ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

Video: လင်းယုန်နက် Sgg