စစ်အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင် နိုင်ငံအရန်တပ်ဖွဲ့က အဓိကနေရာများကို ထိန်းချုပ်လိုက်ပြီး စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေ

ဆူဒန် အရင်အင်အားတပ်ဖွဲ့
ဆူဒန် အရင်အင်အားတပ်ဖွဲ့
စစ်အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင် နိုင်ငံအရန်တပ်ဖွဲ့က အဓိကနေရာများကို ထိန်းချုပ်လိုက်ပြီး စစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေ
By Mr John

စစ်အာဏာသိမ်းပြီး ရွေးကောက်ပွဲကျင်းပရန် နှောင့်နှေးနေသည့် ဆူဒန်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဧပြီလ (၁၅)ရက်နေ့က နိုင်ငံ၏အဓိကအရန်တပ်ဖွဲ့နှင့် စစ်တပ်တို့ကြား တိုက်ခိုက်မှုများဖြစ်ပွားနေပြီး (၂၅)ထက်မနည်းသေဆုံးကာ လူပေါင်း (၂၀၀) နီးပါးဒဏ်ရာရထားသည်ဟု သိရသည်။

အင်အား (၁)သိန်းဝန်းကျင်ရှိ လက်နက်ကိုင် အရန်တပ်ဖွဲ့ က ၎င်းတို့အား စစ်တပ်ကစတင်တိုက်ခိုက်သည်ဟု ပြောကြားထားပြီး လက်ရှိတွင် သမ္မတနန်းတော်၊ စစ်တပ်အကြီးအကဲနေအိမ်နှင့် ခါတွန်မ်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို ထိန်းချုပ်ထားသည့်အပြင် နိုင်ငံမြောက်ပိုင်း မယ်ရော့ဗဲမြို့ရှိ လေဆိပ်နှင့် အနောက်ပိုင်းရှိ အယ်လ်အဲဗ်ယာ့ဒ်မြို့တို့ကိုလည်း ထိန်းချုပ်ထားသည်ဟု ထုတ်ဖေါ်ပြောကြားထားသည်။

ဆူဒန်စစ်တပ်ဘက်ကလည်း ၎င်းတို့အား အရန်တပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားကာ မြို့တော် ခါတွန်တွင် အမြောက်နှင့်သံချပ်ကာယာဉ်များ ဖြန့်ကျက်ထားကာ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

နိုင်ငံအတွင်း နေရာအတော်များများတွင် ပစ်ခတ်တိုက်ခိုက်သံများ ကြားနေရပြီး တိုက်ပွဲများပြင်းထန်လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။

လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရသူများတွင် အရပ်သားများ ပါ၊ မပါကို မသိရသေးဘဲ ဆရာဝန်များ၏ ပြောကြားမှုအရ လူနေရပ်ကွက်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သားများ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဟမ်မက်ဒ်တီဟု လူသိများသည့် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါရှလာ ဦးဆောင်သော အရန်တပ်ဖွဲ့၏ အစောပိုင်းထုတ်ပြန်ချက်အရ ၎င်းတို့၏ အခြေစိုက်စခန်းတစ်ခုကို စစ်တပ်က ဝိုင်းထားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အရန်တပ်ဖွဲ့နှင့် စစ်တပ်ကြား ထိပ်တိုက်တွေ့မှုက ယခင်ကတည်းက စီးပွားရေးပျက်ပြားနေပြီး အကြမ်းဖက်မှုများ မြင့်တက်လာနေသည့် ဆူဒန်နိုင်ငံတွင် လုံခြုံရေးအခြေအနေကို သိသာစွာ ပိုမိုဆိုးရွားလာစေနိုင်သည်။ 

စစ်တပ်နှင့် အရန်တပ်ဖွဲ့တို့ ကနဦး အာဏာခွဲ‌ဝေမှု သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် အရပ်သား နိုင်ငံရေးပါတီများက နှစ်ဘက်လုံးကို အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြပြီး ရုရှားနှင့် အမေရိကန် သံရုံးတို့ကလည်း အကြမ်းဖက်မှုများ ရပ်တန့်ကြရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် စစ်အာဏာသိမ်းခံရပြီးနောက် ရွေးကောက်ပွဲပြန်လည်ကျင်းပကာ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ကျင့်သုံးရန် ကြိုးပမ်းမှု နှောင့်နှေးကြန့်ကြာနေသည့်  ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်တပ်ဖွဲ့တို့ကြား တင်းမာမှုများရှိနေခဲ့ခြင်းဖြစ်သည်။

တစ်ချိန်က ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် အရှိန်ကြီးမားသည့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ခဲ့သူ ဟမ်မက်ဒ်တီက ၎င်းကို ဆူဒန်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အစီအစဥ်၏ ဦးဆောင်သူအဖြစ်သတ်မှတ်ပြောဆိုလာရာ စစ်တပ်အုပ်ချုပ်သူများနှင့် ညှိနှိုင်းမရဖြစ်ခဲ့ပြီး စစ်တပ်က ခါတွန်မ်မြို့တော်တွင် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ကာ အရန်တပ်ဖွဲ့၏ လှုပ်ရှားမှုများမှာ တရားမဝင်ကြောင်း ပြောဆိုခဲ့ရာ ဧပြီလ (၁၃) ရက်နေ့တွင် စစ်တပ်နှင့် အရန်တပ်ဖွဲ့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

လက်ရှိ တိုက်ခိုက်နေကြသည့် အရန်တပ်ဖွဲ့နှင့် စစ်တပ်တို့သည် ဆူဒန်ကို လူပုဂ္ဂိုလ်တစ်ဦးတည်းက အုပ်ချုပ်သည့်စနစ်ဖြင့် ကာလရှည်ကြာ အာဏာချုပ်ကိုင် အုပ်ချုပ်နေခဲ့သူ အိုမားအယ်လ်ဘားရှီကို ဖြုတ်ချခဲ့စဥ်က အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အရန်တပ်ဖွဲ့မှာ Janjaweed ပြည်သူ့စစ်အုပ်စုမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး အဆိုပါပြည်သူ့စစ်အုပ်စုက ၂၀၀၀ ပြည့်နှစ် နှစ်လွန်ကာလအစောပိုင်းအတွင်း ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုစဥ်က ဆူဒန်ကိုအုပ်ချုပ်နေသူ အိုမားအယ်လ်ဘားရှီက ၎င်း၏အစိုးရကို တော်လှန်ပုန်ကန်မှုအား ဖြိုခွင်းနှိမ်နင်းရာတွင် စစ်တပ်ကို ကူညီပေးရန် Janjaweed ပြည်သူ့စစ်အုပ်စုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဒါဖာဒေသ စစ်ပွဲအတွင်း အနည်းဆုံး လူဦးရေ နှစ်သန်းခွဲ နေရပ်စွန့်ခွာခဲ့ရပြီး စုစုပေါင်း လူသုံးသိန်း သေဆုံးခဲ့ကြောင်းနှင့် Janjaweed ပြည်သူ့စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်မှစ၍ Janjaweed ပြည်သူ့စစ်များဖြင့် အဓိက ဖွဲ့စည်းထားသည့် အရန်တပ်ဖွဲ့က ယီမင်စစ်ပွဲတွင် ဆူဒန်စစ်တပ်နှင့်အတူ ဆော်ဒီ၊ ယူအေအီး တပ်ဖွဲ့များဖြင့် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။



 

Source: Reuters

Photo: REUTERS/Umit Bektas/File Photo, AFP, Reuters/Umit Bektas