တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမြို့ Gangneung တွင် ၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက်နေ့က လေပြင်းတိုက်မှုများကြောင့် ပိုမိုအားကောင်းစေသည့် တောမီးလောင်မှု ဖြစ်ပွားနေခဲ့ရာ လူဦးရေ (၅၀၀) ကျော် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း အစိုးရအရာရှိများက ပြောသည်။
တောမီးမှာ မြေဧက (၄၂၀) တွင် ကူးစက်လောင်ကျွမ်းခဲ့ပြီး လူဦးရေ (၂၀၀,၀၀၀) ကျော် နေထိုင်ကြသည့် Gangneuang မြို့တွင် လူ (၅၅၀) ခန့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း ကိုရီးယားသစ်တောဌာန Korea Forest Service က ပြောသည်။
တောမီးလောင်မှုအတွင်း မီးသတ်သမား (၂) ဦး အပါအဝင် လူ (၃) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် အဆောက်အအုံများ ဒါဇင်နှင့်ချီ ပျက်စီးခဲ့ကြောင်း သစ်တောဌာနက ထုတ်ပြန်သည်။
ဧပြီလ (၁၀)ရက်နေ့၏ မွန်းလွဲပိုင်းက တောမီးလောင်သည့် ဧရိယာအတွင်း မီးလောင်ကျွမ်းထားသော အိမ်တစ်အိမ်တွင် သေဆုံးနေသူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
လေပြင်းတိုက်မှုကြောင့် သစ်ပင်တစ်ပင် ဓာတ်အားလိုင်းကြိုးများပေါ်သို့ လဲပြိုကျခဲ့ရာမှ မီးတောက်လောင်ပြီးနောက် တောမီးလောင်မှု စတင်ဖြစ်ပွားခဲ့ပုံရကြောင်း အစိုးရအရာရှိများက ဆိုသည်။
လေပြင်းတိုက်မှုကြောင့် အလျင်အမြန် ကူးစက်ပျံ့နှံ့နေသည့် တောမီးလောင်မှုကို ငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ရုန်းကန်ခဲ့ရသော်လည်း မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မီးအရှိန်လျော့ကျသွားခဲ့ကြောင်း သိရသည်။
ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံနှင့် ဗီဒီယိုများတွင် သစ်တောနှင့် ကွင်းပြင်များ မီးလောင်နေမှုနှင့် ဆိုးလ်မြို့၏အရှေ့ဘက် (၁၀၄) မိုင်အကွာရှိ Gangneung မြို့၏ အဆောက်အအုံများပေါ်တွင် မီးခိုးဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
တောမီးလောင်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ငြှိမ်းသတ်ရန်နှင့် သေဆုံးဒဏ်ရာရမှု နည်းစေရန် အနီးအနားရှိ ဒေသခံများကို အလျင်အမြန် ရွှေ့ပြောင်းပေးရန် သမ္မတယွန်းဆက်ယိုက ညွှန်ကြားထားကြောင်း ၎င်း၏ရုံးက ပြောသည်။
Source: Reuters
Photo: Yonhap,