ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ကရာချိမြို့တွင် မတ်လ (၃၁) ရက်နေ့က အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒန် ဥပုသ်လ အစားအစာ လှူဒါန်းမှုကို စောင့်ဆိုင်းနေကြသည့် လူအများအပြားကြား လုအုပ်လဲပြိုကျမှုကြောင့် အနည်းဆုံး လူ (၁၃) ဦး သေဆုံးပြီး အခြား လူ (၁၀) ဦး ဒဏ်ရာရခဲ့ကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့က ပြောသည်။
ပါကစ္စတန်တဝန်းတွင် လတ်တလော သီတင်းပတ်များအတွင်း ဂျုံအပါအဝင် အခြေခံစားနပ်ရိက္ခာ ပေးဝေသည့်နေရာများ၌ လူအုပ်လဲပြိုမှုကြောင့် သေဆုံးမှုများ ဖြစ်ပွားနေခဲ့ရာ ယခုဖြစ်ရပ်မှာ နောက်ဆုံးတစ်ခုလည်း ဖြစ်လာသည်။
ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ပြီး စားသောက်ကုန်အပါအဝင် အခြေခံကုန်ပစ္စည်း ကျန်ကျစရိတ်များ တိုးမြင့်လာနေရာ ပါကစ္စတန်ပြည်သူများမှာ ရုန်းကန်နေကြရသည်။
၂၀၂၃ခုနှစ် မတ်လ (၃၁) ရက်နေ့က အစားအစာလှူဒါန်းမှုကို စောင့်ဆိုင်းနေစဥ် လူအုပ်လဲပြိုမှုကြောင့် သေဆုံးခဲ့သူများမှာ အမျိုးသမီးများနှင့် အရွယ်မရောက်သေးသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
သေဆုံးသူများအနက် အသက် (၇) နှစ်နှင့် (၁၆) နှစ်အရွယ် ယောက်ျားလေး (၂) ဦးနှင့် အသက် (၉) နှစ်အရွယ် မိန်းကလေးတစ်ဦး ပါဝင်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်အတူ အလောင်းများကို စစ်ဆေးခဲ့သည့် ခွဲစိတ်ဆရာဝန် Summaiya Syed Tariq က ပြောသည်။
အသက် (၈၀) နှစ်အရွယ် အဘွားအိုတစ်ဦးမှာ သေဆုံးသူများအနက် အသက်အကြီးဆုံးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ဒဏ်ရာရခဲ့သူ (၁၀) ဦးတွင် အသက် (၅) နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ဦး ပါဝင်ပြီး ဆေးရုံတင်ထားရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ကရာချိမြို့၏ စက်မှုလုပ်ငန်းဧရိယာတွင် FK Dyeing ကုမ္ပဏီက ရာမာဒန်အတွက် အစားအစာ လှူဒါန်းပေးဝေခဲ့စဥ် လူအုပ်လဲပြိုပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ Fida Husain Janwari ၏ ပြောကြားမှုကို CNN သတင်းက ဖော်ပြထားသည်။
အစားအစာ လှူဒါန်းပေးဝေသည့်နေရာသို့ အမျိုးသမီး (၄၀၀) ခန့် စုရုံးရောက်ရှိလာခဲ့ကြသည်ဟု ရဲအရာရှိ Janwari က ဆိုသည်။
အာဏာပိုင်များက အခင်းဖြစ်နေရာတွင် ကုမ္ပဏီဝန်ထမ်းအချို့ကို ဖမ်းဆီးခဲ့ကြောင်းနှင့် လူအုပ်စု တန်းစီးစောင့်ဆိုင်းမှုအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး စီစဥ်ဆောင်ရွက်ထားခြင်းမရှိမှုဖြင့် ၎င်းတို့ကို စွပ်စွဲထားကြောင်း ရဲအရာရှိ Janwari က ပြောသည်။
ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ နှစ် (၅၀) အတွင်း အမြင့်ဆုံးအဖြစ် (၃၀) ရာခိုင်နှုန်းအထက် မြင့်တက်နေခဲ့ရာ အစိုးရက ငွေကြေးဖောင်းပွမှုနှုန်း သက်ရောက်မှုကို လျော့ပါးသက်သာစေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် နိုင်ငံတဝန်း ဂျုံများ အခမဲ့ပေးဝေနေသည်။
ထိုသို့ ပေးဝေသည့်နေရာများတွင်လည်း လူအုပ်လဲပြိုမှုကြောင့် လတ်တလော သီတင်းများအတွင်း အနည်းဆုံး လူ (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပါကစ္စတန်တွင် ဂျုံဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်အတွင်း (၄၅) ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။
Source: CNN
Photo: Akhtar Soomro/Reuters, RIZWAN TABASSUM/AFP via Getty Images,