ဖိလစ်ပိုင်နိုင်ငံတွင် ကူးတို့သင်္ဘောပေါ် မီးလောင်မှုကြောင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ (၃၀) ကျော် သေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ကူးတို့သင်္ဘောပေါ် မီးလောင်မှုကြောင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ (၃၀) ကျော် သေဆုံး
By Mr John

 ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ၂၀၂၃ခုနှစ် မတ်လ (၂၉) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီခန့်က  သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် (၆) လအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ (၃၁) ဦး သေဆုံးကြောင်း အာဏာပိုင်များက မတ်လ (၃၀) ရက်နေ့တွင် ပြောသည်။ 

ဖိလစ်ပိုင်တောင်ပိုင်း Basilan ကျွန်း ကမ်းလွန်တွင် ကူးတို့သင်္ဘော မီးလောင်မှုဖြစ်ပွားစဥ်တွင် သင်္ဘောအောက်ထပ်ရှိ လေအေးပေးစက် တပ်ဆင်ထားသော အိပ်ခန်းများအတွင်း ခရီးသည်အများအပြား အိပ်ပျော်နေကြချိန်ဖြစ်သည်ဟု ဆိုသည်။



မီးလောင်မှုဖြစ်ပွားသည့် MV Lady Mary Joy 3 ကူးတို့သင်္ဘောပေါ်တွင် လိုက်ပါလာသူ အရေအတွက်နှင့် ပတ်သက်၍ ကွဲလွဲမှုများရှိနေသော်လည်း ဝန်ပိုတင်ဆောင်ခဲ့ခြင်းမရှိဟု အာဏာပိုင်များက ဆိုသည်။ 

သင်္ဘောမီးလောင်မှုကြောင့် သင်္ဘောအမှုထမ်း (၃၆) ဦး အပါအဝင် လူ (၂၃၀) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ကလေးငယ် (၃) ဦး အပါအဝင် လူ (၁၁) ဦးမှာ မီးလောင်နေသည့် သင်္ဘောပေါ်မှ ခုန်ချခဲ့ကြပြီးနောက် ရေနစ်သေဆုံးခဲ့ကြောင်းနှင့် အခြား (၁၈) ဦးမှာ မီးလောင်မှုအတွင်း သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Hadjiman Hatman Salliman က DZRH ရေဒီယိုသတင်းဌာနကို ပြောကြောင်း Reuters သတင်းက ဖော်ပြသည်။ 

မီးလောင်မှု ဖြစ်ပွားခဲ့သည့် သင်္ဘောမှာ အပူရှိန်ရှိနေဆဲဖြစ်ရာ သင်္ဘောတစ်စီးလုံးကို ရှာဖွေစစ်ဆေးမှု မလုပ်ဆောင်နိုင်သေးကြောင်း Salliman က မတ်လ (၃၀) ရက် ညနေပိုင်းတွင် ပြောသည်။

ကျွန်းပေါင်း (၇,၆၀၀) ရှိသော ကျွန်းဆွယ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်တွင် ရေလမ်းကြောင်းသွားလာရေး ဘေးအန္တရာယ်ကင်းရှင်းမှု မှတ်တမ်းဆိုးရှိပြီး အလွန်အိုမင်းဟောင်းနွမ်းနေသော သင်္ဘောများကို အသုံးပြုနေသည်။

 ၂၀၂၃ ခုနှစ် မေလအတွင်းကလည်း လူ (၁၃၄) ဦး တင်ဆောင်လာသည့် မြန်နှုန်းမြင့် ကူးတို့သင်္ဘောတစ်စီးပေါ်တွင် မီးလောင်ခဲ့မှုကြောင့် အနည်းဆုံး လူ (၇) ဦး သေဆုံးခဲ့သည်။

 

Source: Reuters, AFP 

Photo: Philippine Coast Guard,