ရုရှားနိုင်ငံတွင် Snapchat, WhatsApp, Viber နှင့် Telegram အပါအဝင် မိုဘိုင်းအက်ပလီကေးရှင်းများ အသုံးပြုခွင့် ပိတ်ပင်

ရုရှားနိုင်ငံတွင် Snapchat, WhatsApp, Viber နှင့် Telegram အပါအဝင် မိုဘိုင်းအက်ပလီကေးရှင်းများ အသုံးပြုခွင့် ပိတ်ပင်
By Mr John

ရုရှားအစိုးရက ၎င်း၏နိုင်ငံအတွင်း  Snapchat ၊ Telegram နှင့် WhatsApp အပါအဝင် အနောက်အုပ်စု အခြေစိုက် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းများကို အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း သိရသည်။ 

ရုရှားအစိုးရက အနောက်အုပ်စုအခြေစိုက် ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းဆက်သွယ်ရေး မိုဘိုင်းအက်ပလီကေးရှင်းများကို ပိတ်ပင်လိုက်ကြောင်း ကြေညာစာကို Malware ၊ sourec code နှင့် အခြား ဟက်ကာနှင့် ဆက်နွယ်သည့် သတင်းအချက်အလက်များ စုစည်းဖော်ပြသည့် လူသိများသော VX-Underground ဝက်ဘ်ဆိုက်တွင် ပို့စ်တင်ထားသည်။

ရုရှားအစိုးရက ပိတ်ပင်လိုက်သည့် အက်ပလီကေးရှင်းများ စာရင်းတွင် အမေရိကန်ကုမ္ပဏီများ ပိုင်ဆိုင်သည့် Discord ၊ Miscrosoft Teams ၊ Skype for Business ၊ Snapchat နှင့် WhatsApp တို့ ပါဝင်သည်။ 

ထို့အတူ ဥရောပအခြေစိုက် အွန်လိုင်းဆက်သွယ်ရေး အက်ပလီကေးရှင်းများဖြစ်သည့် Threema နှင့် Viber ၊ တရုတ်ကုမ္ပဏီပိုင် WeChat တို့ကိုလည်း ရုရှားက ပိတ်ပင်လိုက်သည်။

စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ် ရုရှားအစိုးရက Telegram အက်ပလီကေးရှင်းကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရသည်။ 

Telegram ကို ရုရှားသန်းကြွယ်သူဌေး Pavel Durov က ပိုင်ဆိုင်ခြင်းဖြစ်သော်လည်း အနောက်အုပ်စုနိုင်ငံများနှင့် ယူကရိန်းနိုင်ငံတွင် အသုံးပြုသူပိုများသည်။ 

 

ရုရှားအစိုးရ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာနှင့် မီဒီယာလုပ်ငန်း ကြီးကြပ်ရေးဌာန Roskomnadzor (RKN) က အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းများဖြစ်သည့် FBI ၊ CIA နှင့် အမေရိကန်အစိုးရဌာနများ၏ ဝက်ဘ်ဆိုက်များကိုလည်း သတင်းမှားဖြန့်ဝေမှုကြောင့်ဟုဆိုကာ ပိတ်ပင်ထားသည်။

ထို့အတူ Shutterstock ဓာတ်ပုံစုဆောင်းမှု ဝက်ဘ်ဆိုက်ကိုလည်း လက်မခံနိုင်သော ဓာတ်ပုံအချက်အလက်များရှိနေမှုကြောင့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလကုန်တွင် ရုရှားနိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ပင်ခဲ့ကြောင်း RKN က ဆိုသည်။

 ရုရှားလိုလားသည့် ယူကရိန်းခွဲထွက်နယ်မြေ Donetsk People's Republic (DPR) တွင်မူ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း Google နှင့် Zoom ဝန်ဆောင်မှု (၂) ခုလုံးကို ပိတ်ပင်ခဲ့သည်။ 

DPR တွင် YouTube အသုံးပြုရာတွင်လည်း အမြန်နှုန်းလျှော့ချထားကြောင်း သိရသည်။

Source: CyberNews