တရုတ်နိုင်ငံမြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း မြေစာပုံပြိုကျမှုကြောင့် လူ (၆) ဦး သေဆုံးပြီး (၄၀)ကျော် ပျောက်ဆုံးနေ

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း မြေစာပုံပြိုကျမှုကြောင့် လူ (၆) ဦး သေဆုံးပြီး (၄၀)ကျော် ပျောက်ဆုံးနေ
ဖေဖော်ဝါရီ 25, 2023 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ၏ မြောက်ပိုင်းတွင် ကျောက်မီးသွေးတူးဖော်ရေး မိုင်းတွင်းတစ်ခုအတွင်း မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ရာ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ အထိ လူ (၆) ဦး သေဆုံးကြောင်းပြီး လူ(၄၀)ကျော် ပျောက်ဆုံးနေကြောင်း အတည်ပြုထားပြီး အခြား လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ 

တရုတ်မြောက်ပိုင်းအတွင်း မွန်ဂိုလီးယားနယ်မြေ၏ Alxa Left Banner ဧရိယာတွင် ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့က ကျောက်မီးသွေးတွင်း မြေစာပုံပြိုကျခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးသမား ရာနှင့်ချီ ပါဝင်ကြသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ နှောင်းပိုင်းက နောက်ထပ် မြေပြိုမှုဖြစ်ပွားခဲ့ရာ ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးခဲ့ရသလို ဆက်လက်၍လည်း နောက်ထပ် မြေပြိုမှုများ ဖြစ်ပွားနိုင်မှုကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရန် ခက်ခဲနေကြသည်။ 

တရုတ်အစိုးရသတင်းဌာန CCTV ၏ ဖော်ပြမှုအရ မိုင်းတွင်းမြေစာပုံ ပြိုကျမှုအတွင်း လူ (၄၇) ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ (၆) ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်းနှင့် သေဆုံးသူ (၆) ဦးကို အလောင်းပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။



 

မြေစာပုံပြိုကျခဲ့သည့် ကျောက်မီးသွေးမိုင်းတွင်းမှာ တစ်ချိန်က မြေအောက်တူးဖော်ရေးစနစ်ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြေပေါ်တွင် ကျင်းတူးဖော်၍ ကျောက်မီးသွေးထုတ်လုပ်မှု အဖြစ် ပြောင်းလဲခဲ့သည်ဟု ဆိုသည်။ 

ထိုမိုင်းတွင်းကို (၃) နှစ်ကြာ ပိတ်ပင်ကာ ထုတ်လုပ်မှုရပ်ဆိုင်းထားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် လုပ်ငန်းပြန်လည်စတင်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြထားသည်။ 

မိုင်းတွင်းကို ပိတ်ထားခဲ့သည့် အကြောင်းရင်းကိုမူ တရုတ်အစိုးရမီဒီယာက ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ ကျောက်မီးသွေးတွင်းကို အသေးစား တရုတ်ကုမ္ပဏီ Xinjing Coal Mining Co. က လုပ်ကိုင်နေခြင်းဖြစ်ပြီး တူးဖော်ရာမှ ထွက်ရှိလာသည့် မြေစာပုံပမာဏမှာ ပေ (၁,၆၀၀၀) အကျယ်နှင့် ပေ (၂၆၀) အမြင့်ရှိကြောင်း တရုတ်အစိုးရသတင်းဌာန CCTV က ဆိုသည်။ 

ထိုမြေစာပုံကြီး ပြိုကျခဲ့ရာမှ အလုပ်သမားများကို ဖုံးအုပ်သွားခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ကျောက်မီးသွေးမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်သည်။

တရုတ်ကျောက်မီးသွေးတွင်းများမှာ ကမ္ဘာ့လူသေဆုံးမှု အများဆုံး သတ္တုတူးဖော်ရေး နေရာများတွင် ပါဝင်သည်။ 

တရုတ်အစိုးရက ကျောက်မီးသွေးမိုင်းတွင်းများ ဘေးကင်းလုံခြုံရေး တိုးတက်စေရန် နှစ်များနှင့်ချီကြာ ညွှန်ကြားချက်များ ထုတ်နေခဲ့သော်လည်း မိုင်းတွင်း မတော်တဆမှုများမှာ အများအားဖြင့် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများကို မလိုက်နာမှုကြောင့်ဖြစ်ကြောင်း သိရသည်။

Source: Reuters

Photo: Photo: Lian Zhen/Xinhua, Xinhua,