ဗီယက်နမ်နိုင်ငံတွင် တိုင်းရင်းဆေးအတွက် အသုံးပြုရန် ရည်ရွယ်ထားသည့် ကြောင်အသေ အကောင်ရေ (၂,၀၀၀) ခန့်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း အစိုးရမီဒီယာက ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင် ပြောသည်။
ကြောင်အသေများကို မဲခေါင်မြစ်ဝှမ်းဒေသ Dong Thap ပြည်နယ်ရှိ သားသတ်ရုံတစ်ရုံတွင် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုသားသတ်ရုံ၌ပင် အသက်ရှင်နေဆဲ ကြောင်အကောင်ရေ (၄၈၀) ကိုလည်း တွေ့ရှိခဲ့ကြောင်း ပြည်နယ်သတင်းစာက ဖော်ပြသည်။
ထောင်နှင့်ချီသည့် ကြောင်များကို အအေးခန်းတွင်ထားရှိပြီး ဗီယက်နမ်မြောက်ပိုင်းသို့ ပို့ဆောင်သွားရန်ဖြစ်ကြောင်း ယူဆရသည်။
ကြောင်အရိုးမှ ထုတ်ယူရရှိသည့် အဆီအနှစ်က ပန်းနာရင်ကျပ်နှင့် အရိုးပွရောဂါကဲ့သို့ ရောဂါများကို ကုသရာတွင် ကူညီပေးနိုင်သည်ဟု ဗီယက်နမ်တွင် အချို့က ယူဆထားကြသည်။
ဗီယက်နမ်တွင် တရားမဝင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှု ဈေးကွက်အတွင်းသို့ နှစ်စဥ် ကြောင်အကောင်ရေ (၁) သန်းအထိ ရောက်ရှိနေကြောင်း တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်း Four Paws International ၏ အချက်အလက်များအရ သိရှိရသည်။
ဗီယက်နမ်နိုင်ငံတွင် ခွေးနှင့်ကြောင်များကို စားသုံးမှုမှာ တရားဝင်ဖြစ်သည်။
စားသောက်ဆိုင်အများအပြားတွင် ခွေးသားနှင့် ကြောင်သား ဟင်းလျာများရရှိနိုင်သော်လည်း တိရိစ္ဆာန်၏ မျိုးရင်းကို ပြသရန် အထောက်အထား လိုအပ်သည်ဟု ဆိုသည်။
ယခု ကြောင်အသေများ ထောင်နှင့်ချီ ရှာဖွေတွေ့ရှိခဲ့သည့် Dong Thap ပြည်နယ်မှ သားသတ်ရုံကမူ သားသတ်လိုင်စင်နှင့် တိရိစ္ဆာန်၏ မျိုးရင်းကို အသေးစိတ် ဖော်ပြထားသော စာရွက်စာတမ်း အထောက်အထား မပြသနိုင်ခဲ့ဟု သိရသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ လက်ရှိအချိန်တွင် မည်သူ့ကိုမျှ ဖမ်းဆီးခဲ့ခြင်း မရှိဟုဆိုသည်။
အာရှဒေသတွင် တိုင်းရင်းဆေးလုပ်ငန်းမှာ တရားမဝင် တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်မှုကို အဓိက အားပေးရာရောက်နေပြီး ဗီယက်နိုင်ငံမှာ စားသုံးမှုနှင့် သယ်ယူပို့ဆောင်မှု နှစ်ခုလုံးတွင် အချက်အချက် ဖြစ်သည်။
Source: AFP
Photo: Four Paws International, STR/AFP VIA GETTY IMAGES,