ပါကစ္စတန်တွင် ဆယ်ကျော်သက် မိန်းကလေးငယ် (၂) ဦးက K-pop အဖွဲ့ BTS နှင့် တွေ့ဆုံရန် အိမ်မှထွက်ပြေးခဲ့

Photo: Matt Winkelmeyer/Getty Images
Photo: Matt Winkelmeyer/Getty Images
ပါကစ္စတန်တွင် ဆယ်ကျော်သက် မိန်းကလေးငယ် (၂) ဦးက K-pop အဖွဲ့ BTS နှင့် တွေ့ဆုံရန် အိမ်မှထွက်ပြေးခဲ့
ဇန်နဝါရီ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားသည့် ဆယ်ကျော်သက် မိန်းကလေးငယ် (၂) ဦးကို နေအိမ်မှ မိုင် (၇၅၀) ကျော် ဝေးကွာသည့်နေရာတွင် ပြန်ရှာတွေ့ခဲ့ပြီး ၎င်းတို့က ကမ္ဘာကျော် K-pop အဆိုတော်အဖွဲ့ BTS ကို တွေ့ဆုံရန် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အသက် (၁၃) နှစ်နှင့် (၁၄) နှစ်အရွယ် မိန်းကလေးငယ် (၂) ဦးမှာ ကရာချိမြို့ အရှေ့ဘက် ကိုရန်ဂီမြို့မှဖြစ်ပြီး ဇန်နဝါရီလ (၇) ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံ ရဲအရာရှိ Abraiz Ali Abbasi က ဆိုသည်။ 

ရဲတပ်ဖွဲ့က ၎င်းတို့၏ နေအိမ်များကို ရှာဖွေမှုအတွင်း တောင်ကိုရီးယားသို့သွားရောက်ပြီး BTS အဖွဲ့ကို တွေ့ဆုံရန် ၎င်းတို့၏အစီအစဥ်များ ရေးသားထားသည့် ဒိုင်ယာရီတစ်ခု တွေ့ရှိခဲ့ရကြောင်း Abbasi က ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောသည်။

"ဒိုင်ယာရီထဲမှာ သူတို့ရဲ့ အခြား သူငယ်ချင်းတွေနဲ့အတူ အိမ်ကနေထွက်ပြေးဖို့ စီစဥ်ထားတာနဲ့ ရထားခရီးစဥ်အချိန်တွေ မှတ်ထားတာကို တွေ့ရတယ်။ နောက်တော့ ဒိုင်ယာရီထဲမှာပါတဲ့ သူတို့ရဲ့ သူငယ်ချင်းတွေကို မေးမြန်းခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို အပူတပြင်း ခြေရာခံ ရှာဖွေခဲ့ပြီး သူတို့ ရထားနဲ့ ထွက်သွားခဲ့တဲ့ လာဟိုးမြို့မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတာ ပြန်ရှာတွေ့ခဲ့တယ်" ဟု Abassi က ရှင်းပြသည်။ 

ထိုမိန်းကလေးငယ် (၂) ဦးကို နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ရန် လာဟိုးမြို့ရှိ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းကဆိုသည်။

တောင်ကိုရီးယား K-pop ဂီတကို ပါကစ္စတန် အပါအဝင် ကမ္ဘာတဝန်းတွင် အသက်အရွယ် ကျားမ မရွေး အကြီးအကျယ် နှစ်သက်အားပေးကြသည့် ပရိသတ်များစွာရှိနေသည်။ 

ပါကစ္စတန်နိုင်ငံတဝန်း BTS အဖွဲ့၏ ပိုစတာများနှင့် တေးသီးချင်းအယ်လ်ဘမ်များ ရောင်းချလျက်ရှိပြီး တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲများကိုလည်း လူကြိုက်များလျက်ရှိသည်။

BTS အဖွဲ့၏ အဖွဲ့ဝင် (၇) ဦးမှာ တောင်ကိုရီးယား၏ စစ်မှုထမ်းဥပဒေအရ (၂) နှစ်နီးပါးကြာ စစ်မှုထမ်းရမည့်တာဝန် စတင်နေပြီ ဖြစ်သည်။ 

BTS အဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သူ အသက် (၃၀) နှစ်အရွယ် Jin က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်မှစ၍ စစ်မှုထမ်းနေပြီဖြစ်ပြီး (၁၈) လကြာမည်ဟု ခန့်မှန်းထားသည်။ 

BTS အဖွဲ့မှာ အဖွဲ့ဝင်များအားလုံး စစ်မှုထမ်းတာဝန်ပြီးဆုံးမည့် ၂၀၂၅ ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကြမည်ဟု သိရသည်။

Source: CNN