ပုသိမ်အကျဉ်းထောင်တွင်း စစ်တပ်က ပစ်သတ်၍ (၁) ဦးသေပြီး (၇)ဦး စိုးရိမ်ရသလို ထောင်ဆူပူမှု ဓာတ်ပုံရိုက်သည့် ပြင်ပမှ လူငယ် (၂)ဦး ဖမ်းခံရ

ပုသိမ်အကျဉ်းထောင်တွင်း စစ်တပ်က ပစ်သတ်၍ (၁) ဦးသေပြီး (၇)ဦး စိုးရိမ်ရသလို ထောင်ဆူပူမှု ဓာတ်ပုံရိုက်သည့် ပြင်ပမှ လူငယ် (၂)ဦး ဖမ်းခံရ

 ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုမှုကို စစ်တပ်နှင့်ရဲများက ပစ်ခတ်နှိမ်နင်းသောကြောင့် (၁)ဦးသေဆုံးပြီး(၇)ဦး စိုးရိမ်ရကာ (၆၃) ဦး ဒဏ်ရာရရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူများက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၅)ရက်နေ့တွင် ထောင်တွင်း ကီးပတ်ဖုန်းတွေ့သည်ဟုဆိုကာ ကိုဝေယံဖြိုး (ခ) ကိုမဲကြီးအား ထောင်ဝန်ထမ်များက ဖမ်းဆီးခေါ်ဆောင်ကာ နှိပ်စက်သည့်အတွက် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ပြန်လွှတ်ပေးရန် ဇန်နဝါရီ(၆)ရက်တွင် တောင်းဆိုရာမှ ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထောင်တွင်းဆူပူ တောင်းဆိုမှုဖြစ်ပွားစဉ် ပုသိမ်မြို့ရဲတပ်ဖွဲ့နှင့်စစ်တပ်က ဝင်ရောက်ပြီး ပစ်ခတ်ရာမှ ကိုဝေယံဖြိုး (ခ) ကိုမဲကြီး သေနတ် (၃)ချက်ထိပြီး သေဆုံးကာ အခြားအကျဉ်းသားများကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူ နိုင်ကျဉ်းဟောင်း ကိုထွန်းကြည်က ပြောသည်။

“မနက်ပိုင်းထောင်ဆူပူမှုဖြစ်တော့ ပုသိမ်မြို့မရဲစခန်းက ရဲနဲ့စစ်တပ်က ဝင်လာပြီး ပစ်တယ်လို့ မြေပြင်သတင်းတွေအရ သိရတယ်၊ ကိုမဲကြီးကတော့ နှိပ်စက်လည်းခံရတယ်၊ ပစ်ခတ်မှုမှာလည်း သေနတ်ထိပြီး ကျဆုံးသွားတယ်” ဟု ကိုထွန်းကြည်က Tachileik News Agency သို့ ပြောသည်။

စစ်တပ်၏ပစ်ခတ်မှုကြောင့် ပုသိမ်ထောင်တွင်းသေဆုံးသွားသူ ကိုဝေယံဖြိုး (ခ) ကိုမဲကြီးမှာ ထောင်အနှစ် ၂၀ ကျခံထားရသူဖြစ်သော်လည်း မည့်သည့်ပုဒ်မဖြင့် ထောင်ကျနေသူကို မသိရှိကြောင်း သူက ဆက်ပြောသည်။ 

ကိုဝေယံဖြိုး (ခ) ကိုမဲကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသားအချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု လိမ်လည်ကာ သတင်းထုတ်ပြန်ထားသည်။

ပုသိမ်ဆေးရုံတွင် တက်ရောက်နေသူ (၇)ဦးတွင် (၄)ဦးမှာ အနီရောင်အဆင့် စိုးရိမ်ရပြီး (၃)ဦးမှာ လိမ္မော်ရောင်အဆင့် စိုးရိမ်ရသည်ဟု ရှင်းပြသည်။

“ထောင်ဆူတော့ အပြင်ကနေ ဓာတ်ပုံရိုက်တဲ့ လူငယ် (၂)ယောက်လည်း ဖမ်းခံလိုက်ရတယ်၊ အခုထိ အဆက်အသွယ်မရဘူး၊ ဘယ်ခေါ်သွားမှန်းလည်း မသိဘူး” ဟု ယမန်နေ့ မြေပြင်အခြေအနေကို ကိုထွန်းကြည်က ပြောပြသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွင် ထောင်တွင်းဆူပူမှုကို ခရိုင်ရဲတပ်ဖွဲ့ ဦးစီးပြီး အကျဉ်းထောင်အတွင်း ဝင်ရောက်ပြီး အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်နှိမ်နှင်းခဲ့သောကြောင့် ရဲ(၂)ဦး နှင့် အကျဉ်းဦးစီးဌာန၏ ဝန်ထမ်း(၉)ဦး ထိခိုက်ခဲ့သည်ဟု ဆိုသည်။ 



အကျဉ်းသား(၆၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသော်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဒဏ်ရာရအကျဉ်းသားများ၏ ဓါတ်ပုံများကို ဖော်ပြထားခြင်းမရှိဘဲ အကျဉ်းဝန်ထမ်း (၁)ဦး ဒဏ်ရာရရှိသည့် ဓါတ်ပုံကိုသာ ဖော်ပြထားသည်။

#TachileikNewsAgency