စစ်ကိုင်းတိုင်း၊ တမူးခရိုင်အထက်ပိုင်း၊ မြို့သစ်မြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ SNA နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ (၇)ဦးသေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း တမူး PDF တပ်ရင်း (၁)က ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့)တပ်ရင်း(၁)၊ KNA (Burma)နှင့် KCNDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဥ် စစ်ကောင်စီလက်အောက်ခံ SNA နှင့် ပျူစောထီးအဖွဲ့ဝင်(၇)ဦး မောင်းနှင်လိုက်ပါလာသည့် ကားတစ်စီးနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၂၈ ) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စရဖ(စရတ) အရာရှိ မောင်ဇော် (ခ)မုတ်ဆိတ်၊ SNA တပ်သားစုဆောင်းရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင်၊ SNA ဗိုလ် သက်စိုးနိုင်(ခ)သိန်းစိုးနိုင်၊ ပျူစောထီးခေါင်းဆောင် ငြိမ်းမောင်မောင်၊ ကျော်ထူး၊ မျိုးသူနှင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး(အမည်မသိ) စုစုပေါင်း(၇)ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
၎င်းတို့ထံမှ (၄၀)မမ(၁)လက်နှင့် ၎င်းဗုံးသီး(၁၄)လုံး၊ M4-16 (၁)လက်၊ AK-47(၁)လက်၊ M-92(၁)၊ 81 (၁)လက်၊ 9mm ပစ္စတို(၁)လက်၊ 380 ပစ္စတို(၁)လက်၊ ကျည်အိမ်(၆)ခု၊7.62mm ကျည်(၉၅)တောင့်၊ 9mmကျည်(၄)တောင့်၊ 380ကျည်(၄)တောင့် နှင့် ဆက်သွယ်ရေးစကားပြောစက်(၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး နောက်နောင်တွင်လည်း မဟာမိတ်များပူးပေါင်း၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။