ထိုင်း - မလေးရှားနယ်စပ် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရဲဝန်ထမ်းအိမ်ရာတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိ (၁) ဦးသေဆုံးပြီး (၃၁) ဦး ဒဏ်ရာရ

ထိုင်း - မလေးရှားနယ်စပ် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရဲဝန်ထမ်းအိမ်ရာတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိ (၁) ဦးသေဆုံးပြီး (၃၁) ဦး ဒဏ်ရာရ
နိုဝင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်း - မလေးရှားနယ်စပ်ဒေသ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရဲဝန်ထမ်းအိမ်ရာတစ်ခုတွင် နိုဝင်ဘာလ (၂၂) ရက် မွန်းလွဲပိုင်းက ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲအရာရှိ (၁) ဦး သေဆုံးပြီး အခြား လူ (၃၁) ဦး ဒဏ်ရာရခဲ့သည်။ 

နရာဓိဝါသ ပြည်နယ် Muang ခရိုင်ရှိ ရဲဝန်ထမ်းအိမ်ရာတွင် မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်ခန့်က ကားဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း Muang ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး Jeffrey Salaimankul က ပြောသည်။

မျက်နှာကို ဖုံးအုပ်ထားပြီး ရဲယူနီဖောင်းကဲ့သို့ ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးက လိုင်စင်နံပါတ်ပြားအတု တပ်ဆင်ထားသည့် ပစ်ကပ်ကားတစ်စီးကို Suriya Pradit လမ်းပေါ်ရှိ ရဲဝန်ထမ်းအိမ်ရာဝင်းအတွင်းသို့ မောင်းနှင်လာခဲ့ပြီး အိမ်ရာအဆောက်အအုံအနီးတွင် ရပ်ထားခဲ့ကာ ပြန်ထွက်သွားခဲ့သည်ဟု ဆိုသည်။ 

၎င်းထွက်သွားပြီးနောက် မကြာမီမှာပင် ထိုပစ်ကပ်ကား ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ကားဗုံးပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်းအိမ်ရာ အဆောက်အအုံ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 ပေါက်ကွဲမှုကြောင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ လက်ထောက်စစ်ဆေးရေးမှူး ရဲဗိုလ်ကြီး Suthirak Panthaniya သေဆုံးခဲ့သည်။ 

ဗုံးတပ်ဆင်ထားသည့် ပစ်ကပ်ကားကို ၎င်း၏ တိုက်ခန်းအနီးတွင် ရပ်ထားခဲ့ခြင်း ဖြစ်သည်။

 

ရဲဝန်ထမ်းအိမ်ရာတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် (၁၂) ဦး၊ ရဲမေ (၁) ဦးနှင့် အရပ်သား အမျိုးသမီး (၁၀) ဦး၊ အမျိုးသား (၅) ဦးနှင့် ကလေး (၃) ဦး စုစုပေါင်း (၃၁) ဦး ဒဏ်ရာရခဲ့သည်။ 

ဒဏ်ရာရခဲ့သည့် အရပ်သားအချို့မှာ ရဲတပ်ဖွဲ့မိသားစုဝင်များ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပွားသည့် မီးလောင်မှုကို မိနစ် (၂၀) ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

"ဒါက ကားဗုံးတစ်လုံးပါ။ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ရှင်းလင်းနေဆဲဖြစ်ပြီး ဒဏ်ရာရသူ တိုးလာနိုင်ပါတယ်" ဟု ရဲဒုဗိုလ်မှူးကြီး Niti Suksan က ပြောကြောင်း Reuters သတင်းက ဖော်ပြသည်။ 

ယခု ကားဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသူ မရှိသေးဟု ဆိုသည်။ 

ရဲဝန်ထမ်းအိမ်ရာ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နရာဓိဝါသ ပြည်နယ်မှာ မလေးရှားနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေပြီး ဆယ်စုနှစ်များကြာ လက်နက်ကိုင်ပုန်ကန်မှုများ ရှိနေခဲ့သည်။

ထိုင်းအစိုးရမှာ မွတ်စလင်မ်အများစု နေထိုင်ကြရာ ပြည်နယ်များဖြစ်ကြသည့် ပတ္တာနီ, ယလာ, နရာဓိဝါသ နှင့် သင်္ခလာ ၏ နေရာများတွင် ခွဲထွက်ရေး လက်နက်ကိုင်အုပ်စုများနှင့် တိုက်ပွဲဖြစ်ပွားနေခဲ့သည်။ 

၂၀၀၄ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခအတွင်း လူ (၇,၃၀၀) ကျော် သေဆုံးခဲ့ကြောင်း အကြမ်းဖက်မှုစောင့်ကြည့်အဖွဲ့ Deep South Watch ၏ စာရင်းများအရ သိရှိရသည်။ 

ထိုင်းအစိုးရနှင့် ခွဲထွက်ရေးအုပ်စုများကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော်လည်း အကြိမ်ကြိမ် ပျက်ပြားခဲ့သည်။

Source: Bangkok Post

Photo: ThaiPBS, ผู้พิทักษ์,