ယခု ဆယ်စုနှစ်အတွင်း လူသားများ လကမ္ဘာပေါ်တွင် ကာလရှည်ကြာ နေထိုင်လာနိုင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ NASA အရာရှိတစ်ဦးက BBC သတင်းဌာနကို ပြောသည်။
သိပ္ပံဆိုင်ရာမစ်ရှင်များကို အထောက်အကူပြုရန် လပေါ်တွင် လူသားများ အခြေချနေထိုင်မှု လိုအပ်လိမ့်မည်ဟု NASA အတွက် လကမ္ဘာသွား Orion အာကာသယာဥ် အစီအစဥ်ကို ဦးဆောင်သူ Howard Hu က ဆိုသည်။
နိုဝင်ဘာလ (၁၆) ရက်နေ့က လကမ္ဘာသို့ Artemis 1 ဒုံးပျံဖြင့် အာကာသခရီးစဥ် လွှတ်တင်မှုမှာ လူသားများ အာကာသသို့ ခရီးနှင်ပျံသန်းမှုအတွက် သမိုင်းဝင်နေ့ဖြစ်ခဲ့ကြောင်း Howard Hu က ပြောသည်။
Artemis 1 ဒုံးပျံနှင့်အတူ Orion အာကာသယာဥ်ကို သယ်ဆောင်သွားခဲ့ပြီး ယခုအခါ ထိုယာဥ်က လကမ္ဘာမှ မိုင်ပေါင်း (၈၃,၃၀၀) ခန့်တွင် ရောက်ရှိနေကြောင်း သိရသည်။
အရှည် (၃၂၂) ပေရှိ Artemis 1 ဒုံးပျံကို ဖလော်ရီဒါပြည်နယ်ရှိ Kennedy Space Center ကနေ လွှတ်တင်လိုက်ခြင်း ဖြစ်သည်။
Artemis 1 ဒုံးပျံဖြင့် လကမ္ဘာသွား အာကာခရီးစဥ်ကို ယခင်က ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း နည်းပညာပြဿနာအချို့ကြောင့် လွှတ်တင်ခါနီးတွင် အစီအစဥ် ဖျက်သိမ်းခဲ့ရသည်။
လက်ရှိ လွှတ်တင်လိုက်သည့် လူလိုက်ပါခြင်းမရှိသည့် လကမ္ဘာသွား အာကာသယာဥ်၏ ခရီးစဥ် အောင်မြင်ခဲ့ပါက နောက်တစ်ကြိမ်တွင် အာကာသယာဥ်မှူးအဖွဲ့ လိုက်ပါသည့် ခရီးစဥ်ရှိလာမည်ဟု ဆိုသည်။
ထို့နောက် တတိယအကြိမ် လကမ္ဘာခရီးစဥ်တွင် အာကာသယာဥ်မှူးများက ၁၉၇၂ ခုနှစ် ဒီဇင်ဘာလအတွင်း Apollo 17 အာကာသခရီးစဥ်နောက်ပိုင်း နှစ် (၅၀) အကြာ၌ လပေါ်သို့ တစ်ကျော့ပြန် ခြေချကြရန် ရည်မှန်းထားသည်။
လကမ္ဘာသွား အာကာသခရီးစဥ် Artemis 1 ၏ အရေးအပါဆုံး အဆင့်မှာ ကမ္ဘာမြေပြင်သို့ Orion အာကာယာဥ်အခန်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိရေး ဖြစ်သည်။
Orion မှာ တစ်နာရီလျှင် မိုင်ပေါင်း (၂၄,၀၀၀) သို့မဟုတ် အသံထက် (၃၂) ဆ ပိုမြန်သည့် အမြန်နှုန်းဖြင့် ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည် ဝင်ရောက်လာမည်ဖြစ်ပြီး ၎င်း၏ အောက်ဘက်တွင် ဖုံးအုပ်ထားသည့် အကာအကွယ်မှာ အပူချိန် (၃,၀၀၀) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေလိမ့်မည်ဟု ဆိုသည်။
Orion အာကာသယာဥ်က လကမ္ဘာအနီး ရောက်ရှိခဲ့ပြီးနောက် (၂၅) ရက်ခွဲခန့်တွင် ၎င်း၏ ခရီးစဥ် ပြီးမြောက်ကာ ကမ္ဘာမြေသို့ ပြန်လာမည်ဟု ဆိုသည်။
Orion ကို စန်ဒီယေဂိုကမ်းလွန် ပစိဖိတ်သမုဒ္ဒရာအတွင်း ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပြန်လည်ဆင်းသက်လာစေရန် စီစဥ်ထားပြီး သက်ဆိုင်ရာအဖွဲ့က သွားရောက်ယူဆောင်မည်ဟု သိရသည်။
Artemis ၏ အစိတ်အပိုင်းများနှင့် စနစ်များ ဘေးကင်းလုံခြုံကြောင်း စမ်းသပ်ပြီး သက်သေပြပြီးနောက်ပိုင်း အစီအစဥ်မှာ ယခု ဆယ်စုနှစ်အတွင်း လူသားများ လကမ္ဘာပေါ်တွင် နေထိုင်သွားရန်ဖြစ်သည်ဟု NASA အရာရှိ Howard Hu က ပြောသည်။
အာကာသယာဥ်မှူးများ လိုက်ပါသည့် လကမ္ဘာခရီးစဥ်ကို လက်ရှိတွင် ၂၀၂၄ ခုနှစ်အတွင်း သွားရောက်ရန်စီစဥ်ထားသည်။
Source: BBC