အီရန်နိုင်ငံတွင် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် လူတစ်ဦးကို ပထမဆုံးအဖြစ် သေဒဏ် ပေး

အီရန်နိုင်ငံတွင် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် လူတစ်ဦးကို ပထမဆုံးအဖြစ် သေဒဏ် ပေး
နိုဝင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

အီရန်နိုင်ငံတွင် လနှင့်ချီကြာ ဖြစ်ပွားနေခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်မှုဖြင့် လူတစ်ဦးကို တရားရုံးက ပထမဆုံးအကြိမ် သေဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ပြောသည်။ 

တီဟီရန်မြို့ရှိ တော်လှန်ရေးတရားရုံးတစ်ရုံးက အမည်မဖော်ပြထားသည့် တရားခံကို အစိုးရအဆောက်အအုံတစ်ခုအား မီးရှို့မှုခဲ့ဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နောက်ထပ် တရားရုံးတစ်ရုံးကလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ (၅) ဦးကို နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ စွဲချက်များဖြင့် ထောင်ဒဏ် (၅) နှစ်မှ (၁၀) နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။ 

အီရန်အာဏာပိုင်များက သေဒဏ်ချမှတ်ပြီး အလျင်အမြန် ကွပ်မျက်ရန် စီစဥ်နေနိုင်ကြောင်း လူ့အခွင့်အရေးအုပ်စုတစ်ခု သတိပေးခဲ့သည်။

လက်ရှိတွင် အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့သူ အနည်းဆုံး (၂၀) ဦးမှာ သေဒဏ်ချမှတ်ခံရနိုင်သည့် စွဲချက်များနှင့် ရင်ဆိုင်နေကြရကြောင်း နော်ဝေနိုင်ငံအခြေစိုက် Iran Human RIghts (IHR) က ပြောသည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အဆောတလျင် အရေးယူဆောင်ရွက်ရန်နှင့် ဆန္ဒပြသူများကို ကွပ်မျက်မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို အီရန်အား ပြင်းထန်စွာ သတိပေးရန် IHR ညွှန်ကြားရေးမှူး Mahmood Amiry-Moghaddam က တောင်းဆိုခဲ့သည်။

အီရန်တွင် အမျိုးသမီးများ ခေါင်းမြီးခြုံထားရမည့် တင်းကျပ်သော ဝတ်စားဆင်ယင်မှု စည်းမျဥ်စည်းကမ်းကို ချိုးဖောက်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ်အတွင်း အသက် (၂၂) နှစ်အရွယ် Masha Amini အမည်ရှိ အမျိုးသမီး သေဆုံးခဲ့မှုအပေါ် ပြည်သူလူထုက ဒေါသထွက်မှုနှင့်အတူ နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အကြီအကျယ် ဖြစ်ပွားလာခဲ့သည်။

ဆန္ဒပြမှုများမှာ အီရန်တဝန်း မြို့ကြီးမြို့ငယ် (၁၄၀) တွင် ပျံ့နှံ့ဖြစ်ပွားလာခဲ့ရာ အစ္စလာမ်မစ်သမ္မတနိုင်ငံအတွက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အထင်ရှားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့သည်။ 

အီရန်လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကလေး (၄၃) ဦးနှင့် အမျိုးသမီး (၂၅) ဦး အပါအဝင် ဆန္ဒပြသူ အနည်းဆုံး (၃၂၆) ဦး သေဆုံးခဲ့ကြောင်း IHR လူ့အခွင့်အရေးအုပ်စုက ပြောသည်။

အီရန်နိုင်ငံ ပြင်ပတွင် အခြေစိုက်သည့် Human Rights Activities News Agency (HRANA) ၏ စာရင်းများအရမူ ဆန္ဒပြမှုများအတွင်း သေဆုံးသူ (၃၃၉) ဦးရှိခဲ့ပြီး ဆန္ဒပြသူ (၁၅,၃၀၀) ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ 

သေဆုံးခဲ့သူများအနက် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၉) ဦးပါဝင်ကြောင်းလည်း HRANA က ပြောသည်။ 

အီရန်ခေါင်းဆောင်များက ဆန္ဒပြမှုများကို နိုင်ငံ၏ ပြည်ပရန်သူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင်း ပေါ်ပေါက်လာသည့် ဆူပူအုံကြွမှုများအဖြစ် တံဆိပ်ကပ်ခဲ့ကြသည်။

အီရန်အစိုးရဆန့်ကျင့်ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မှုဖြင့် လူ (၂,၀၀၀) ကျော်ကို စွဲချက်တင်ထားကြောင်း တရားရေးဌာနက ကိန်းဂဏန်းများအရ သိရှိရသည်။ 

အီရန်တောင်ပိုင်း Hormozgan ပြည်နယ်တွင် (၁၆၄) ဦး၊ အလယ်ပိုင်းရှိ Markazi ပြည်နယတွင် (၂၇၆) ဦးနှင့် Isfahan ပြည်နယ်တွင် (၃၁၆) ဦးကို စွဲချက်တင်ထားကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာလ (၁၃) ရက်နေ့တွင် တရားရေးဆိုင်ရာ တာဝန်ရှိသူများကို ကိုးကားဖော်ပြသည်။

Source: BBC