ဝမ်းတွင်းမှ မလှိုင်မြို့သို့ ကုလားထိုင်ခုံများ သွားရောင်းသည့် အမျိုးသားတစ်ဦး၏  ဖုန်းအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်၏  ပုံတွေ့၍ဟုဆိုကာ စစ်တပ်နှင့်ရဲက ဖမ်းဆီး 

ဝမ်းတွင်းမှ မလှိုင်မြို့သို့ ကုလားထိုင်ခုံများ သွားရောင်းသည့် အမျိုးသားတစ်ဦး၏  ဖုန်းအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်၏  ပုံတွေ့၍ဟုဆိုကာ စစ်တပ်နှင့်ရဲက ဖမ်းဆီး 
နိုဝင်ဘာ 11, 2022 | 2021 Military Coup| အခြားဒေသများ

 မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်း ဝမ်းတွင်းမြို့ကနေ မလှိုင်မြို့နယ်အတွင်းသို့ လက်မှု ကုလားထိုင်များ သွားရောက် ပို့ဆောင်ရောင်းချသည့် အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ရဲတို့က လမ်းတွင်ကြားဖြတ် စစ်ဆေးပြီး ဖုန်းအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို တွေ့၍ဟုဆိုကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် အင်းကုန်းအလမ္မပါယ်ကျေးရွာနေ ကိုမောင်ပု ဆိုသူသည် ၎င်း၏ ကိုယ်တိုင်လုပ် လက်မှု ကုလားထိုင်များကို မလှိုင်မြို့နယ် ရွှေပေါ်ကျွန်းကျေးရွာသို့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေ(၄)နာရီဝန်းကျင် အချိန်က သွားရောက် ပို့ဆောင် ရောင်းချစဉ်  ဝမ်းတွင်းမြို့နယ် နှင့် မလှိုင်မြို့နယ်အကြားရှိ အလောင်းစည်သူဆည်ဘောင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်အဖွဲ့က ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးပြီး ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကိုမောင်ပုဟု လူသိများသည့် ကိုမိုးအောင်၏ လက်ကိုင်ဖုန်းအတွင်း၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ နှင့် NLD ကို ထောက်ခံအားပေးမှု ပုံပေါ်စေသည့် သီချင်းဗီဒီယိုများကို တွေ့ရှိ၍ဟုဆိုကာ ဖမ်းဆီးသွားပြီး ၎င်းအား ပင်းတလဲ ရဲစခန်းကနေ မိတ္ထီလာသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ကိုမိုးအောင်(ခ)ကိုမောင်ပုသည် အေးအေးဆေးဆေး နေတတ်သူ တစ်ဦးဖြစ်ပြီး လက်မှုကုလားထိုင်လုပ်ငန်းကို လုပ်ကိုင်ကာ အသက်မွေးနေသူ ဖြစ်သည်ဟု သိရသည်။



#TachileikNewsAgency